November 1, 2024

၆. ၃. ၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်နှင့် မြို့ကြီးကျေးရွာအုပ်စုအကြား၊ ရွာငံ-မန္တလေးလမ်း၊ ညောင်ထောက်ကွေ့တွင် ပရိုဘောက်ယာဥ်တစ်စီးမှာ ပေ ၈၀ ခန့်မြင့်သောအပေါ်ကားလမ်းအမြင့်မှ အောက်ရှိလမ်း​ပေါ်သို့ ပြုတ်ကျ၍ ယာဥ်ပေါ်လိုက်ပါလာသူ ၆ ဦးသေဆုံးခဲ့မှု မတ်လ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည်။

“အိပ်ငိုက်ပြီး လမ်းအကွေကို မကွေ့ဘဲ အဖြောင့်ဆင်းချသွားတာ။ ကားက အောက်လမ်းကို ပေ ၈၀ အမြင့်ကနေ ပြုတ်ကျသွားတာ”ဟု ကယ်ဆယ်ရေး သွားရောက်ဆောင်ရွက်ခဲ့သူတစ်ဦးက ရှင်းပြသည်။

ယာဥ်မတော်တဆမှုကြောင့် ယာဥ်ပေါ်လိုက်ပါလာသူ ၇ ဦးအနက် အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ မြင့်ဘော်ဒါဆောင်မှ ဆရာမဒေါ်မြင့်မြင့်ရီ အပါအဝင် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၂ ဦး စုစုပေါင်း ၆ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး သေဆုံးသူများမှာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပါဝင်ကာ ကျန်သေဆုံးသူများမှာ အသက် ၄၀ ကျော်အရွယ်ရှိကြောင်း သိရသည်။

ကျန်ရှိသော ဒဏ်ရာရသူ အသက်အန္တရာယ်စိုးရိမ်ရသောအသက် ၁၀ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးကို ကျောက်ဆည်ဆေးရုံသို့ တင်ပို့ထားကြောင်း ကယ်ဆယ်​ရေးဆောင်ရွက်သူများထံမှ သိရသည်။

ယာဥ်မတော်တဆဖြစ်ရာနေရာသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်မှ အဖွဲ့ဝင် ၇ ဦးခန့်က သွားရောက်ကူညီ ကယ်ဆယ်ပေးခဲ့ကြောင်း သိရပြီးသေဆုံးသူများအနက် အောင်ပန်းမှ တစ်ဦးနှင့် ကျန် ၅ ဦးမှာ ဟိုပုံးမြို့နယ်မှ ဖြစ်ကြကာ သေဆုံးသူများကို မြို့ကြီးဆေးရုံရင်ခွဲရုံမှတစ်ဆင့် မုဒိတာ (ဆည်ရွာ) နှင့် သုခဘုံ (မြို့ကြီး )လူမှုကယ်ဆယ်ရေးယာဉ်ဖြင့် နေရပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *