၆. ၃. ၂၀၂၄
Written by Pan Ei
ကမ္ဘာကျော် ဆိုရှယ်မိီဒီယာတွေဖြစ်တဲ့ Facebook၊ Instagram နဲ့ Messenger တို့ဟာ နည်းပညာချို့ယွင်းလို့ မနေ့ညက နှစ်နာရီဝန်းကျင်ကြာ ကမ္ဘာအနှံ့မှာ ပြတ်တောက်မှု ဖြစ်ပွားခဲ့တာကြောင့် အဆိုပါ ဆိုရှယ်မီဒီယာတွေရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ရဲ့ ရှယ်ယာစတော့ဈေးတွေဟာ ကျဆင်းခဲ့ပါတယ်။
အဆိုပါ ပြတ်တောက်မှုဟာ မြန်မာနိုင်ငံအပါအဝင် အမေရိကန်၊ ဗြိတိန်၊ ဥရောပ၊ တရုတ်၊ ဩစတေးလျနဲ့ မက္ကဆီကို စတဲ့ ကမ္ဘာ့ဒေသအနှံ့အပြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုလို သတင်းတွေကြောင့် ဒီနေ့နံနက်အထိ Meta ရဲ့ အစုရှယ်ယာဈေးတွေ ၁ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကာ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပြတ်တောက်မှုကြောင့် Facebook အတွက် တိုင်ကြားချက်ပေါင်း ၅၅၀,၀၀၀ ကျော်နဲ့ Instagram အတွက် ၉၂,၀၀၀ ခန့်ရှိကြောင်း ပြတ်တောက်မှု ခြေရာခံဝက်ဘ်ဆိုက် Downdetector.com ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Meta ရဲ့ ကမ္ဘာလုံးဆိုင်ရာပြတ်တောက်မှုကြောင့် ဒီနေ့မှာ ရှယ်ယာကျဆင်းမှုက အနည်းငယ်သာရှိနေပေမဲ့ ပြဿနာက ဆက်ရှိနေရင်တော့ ဒီထက်ပိုပြီး ကျသွားနိုင်ချေလည်း ရှိနေပါတယ်။
ပြိုင်ဖက် ဆိုရှယ်မီဒီယာဖြစ်တဲ့ X (အရင် Twitter) ရဲ့ ပိုင်ရှင် အီလွန်မက်စ်က Facebook၊ Instagram တို့ ဆာဗာကျသွားတဲ့အခါ Meta ကို လှောင်ပြောင်ခဲ့ပြီး X က ပြိုင်ဘက်တွေဖြစ်တဲ့ Meta ရဲ့ Instagram၊ Facebook နဲ့ Threads တွေထက် သာလွန်ကြောင်း အကြံပြုထားတဲ့ ပိုစ့်ကို X မှာ တင်ခဲ့ပြီး ဇူကာဘက်နဲ့ အီလွန်မက်စ်တို့ကြား အချေအတင် ပြောဆိုပုံတွေကလည်း အင်တာနက်အသုံးပြုသူတွေအကြား လူပြောများနေခဲ့ပါတယ်။
Ref; Daily Mail