၆. ၃. ၂၀၂၄
Written by Thettant
တအာင်းတပ်မတော် TNLA ဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင် စတဲ့ မြို့နယ်ပေါင်း ၇ ခုကို သိမ်းယူထားတာဖြစ်ပြီး လက်ရှိမှာ မြို့နယ်စီမံအုပ်ချုပ်မှု တိုးတက်လာတဲ့အတွက် ညမထွက်ရအမိန့်အပါအဝင် ကန့်သတ်ချက်တွေ ရုပ်သိမ်းတယ်လို့ ပြောလာပါတယ်။
SAC အစိုးရက TNLA သိမ်းထားတဲ့မြို့သုံးမြို့ဖြစ်တဲ့ မန်တုံ၊ နမ့်ဆန်၊ နမ္မတူတို့ကို စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့တာဖြစ်ပြီး ဒီလိုကြေညာလာချိန်မှာပဲ TNLA က ကန့်သတ်ချက်တွေ ရုပ်သိမ်းခဲ့သလို တရုတ်ကဝင်ညှိပေးတဲ့ ဟိုင်ဂန်သဘောတူညီချက်အရ တပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့ကြား ရှမ်းမြောက်မှာ အပစ်အခတ်ရပ်စဲထားတယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာ TNLA ထိန်းချုပ်ထားတဲ့ မြို့ခုနစ်မြို့ကို တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်အပါအဝင် လောင်းကစားများ ကင်းစင်ရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးအတွက် မျှတတဲ့ဥပဒေနဲ့စီမံအုပ်ချုပ်မှုတို့နဲ့ ကြိုးပမ်းအကောင်အထည်ဖော်နေတယ်လို့လည်း ပြောပါတယ်။