၆. ၃. ၂၀၂၄
Written by Nyein Kyaw
ဖေဖော်ဝါရီ ၉ ရက်မှ မတ်လ ၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၁၉၆၉ ဦး၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၂၂၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ယနေ့တွင် ထုတ်ပြန်ထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှ မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၁၉၆၉ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃၈ ဦး၊ ထိုင်းနိုင်ငံသား ၉၃ ဦး၊ အိန္ဒိယနိုင်ငံသား ၃၃ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦးတို့ အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၂၂၀၁ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၅၀,၇၇၂ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၂,၈၂၀ ဦးကို စိစစ်ဖော်ထုတ်၍ ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်ခဲ့ကာ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။