November 1, 2024

အမျိုးသားနှစ်ဦးအား အရှင်လတ်လတ် မီးရှို့ခဲ့သူများ ကိုင်ဆောင်သည့် လက်နက်မှာ တပ်မတော်တွင် မည်သည့်အခါကမျှ အသုံးပြုခြင်းမရှိသည့် လက်နက်များဖြစ်ဟု ဆို

၆. ၃. ၂၀၂၄
Written by Zaw Moe

အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူ ၇,၀၀၀ ဦးအား သတ်ဖြတ်ခဲ့မှုကို ဖုံးကွယ်ထားလျက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို စင်္ကြံတစ်ခုအဖြစ် အသုံးပြု၍ တစ်ဖက်သတ် စွပ်စွဲပြောဆိုမှုများဖြင့် အစိုးရအပေါ် နိုင်ငံရေးဖိအားပေးမှုသည် မြန်မာနိုင်ငံအား အထောက်အကူပြုမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ဂျီနီဗာမြို့၌ ကျင်းပနေသည့် ကုလသမ္မလူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ နှုတ်ဖြင့်အစီရင်ခံတင်ပြချက်အပေါ် ပြန်လည်တုံ့ပြန်ခဲ့သည်။

မတ်လ ၁ ရက်တွင်ကျင်းပသည့် အဆိုပါအစည်းအဝေးအတွင်း စွပ်စွဲမှုများနှင့် စပ်လျဥ်း၍ လူတိုင်းပါဝင်မှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် ရွေးချယ် မဆောင်ရွက်မှုတို့နှင့် ဆန့်ကျင်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်သည့် လုပ်ပိုင်ခွင့်သည် ထိပ်တိုက်ရင်ဆိုင်မှုများကိုသာ ဖြစ်စေသည်။ ထို့ပြင် သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ အပြန်အလှန်ဆွေးနွေးကျင်းပခြင်းသည် ကောင်စီ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ကိုက်ညီရန် ပျက်ကွက်ခြင်းဖြစ်သည်ဟုလည်း SAC က တုံ့ပြန်သည်။

နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုကို မျှဝေစဉ်တွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ မဲမသမာမှုနောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက်နေရသည်သာမက လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အကြမ်းဖက်အဖွဲ့တို့၏ လက်နက်ကိုင် တိုက်ခိုက်မှုများကိုပါ ဖြေရှင်းနေရသည်ကို သတိပြုသင့်သည်။ အရပ်သားပြည်သူများနှင့် အခြေခံအဆောက်အဦတို့ကို ကာကွယ်နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သော လုံခြုံရေးအစီအမံများ ဆောင်ရွက်ရန်လိုအပ်သည်။ အကြမ်းဖက်သမားများ၏ အပြစ်မဲ့ပြည်သူ ၇,၀၀၀ ဦးအား သတ်ဖြတ်ခဲ့မှုကို ဖုံးကွယ်ထားလျက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို စင်္ကြံတစ်ခုအဖြစ် အသုံးပြု၍ တစ်ဖက်သတ် စွပ်စွဲပြောဆိုမှုများဖြင့် အစိုးရအပေါ် နိုင်ငံရေး ဖိအားပေးမှုသည် မြန်မာနိုင်ငံအား အထောက်အကူမပြုကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ နှုတ်ဖြင့် အစီရင်ခံတင်ပြမှုတွင် အကြမ်းဖက်အဖွဲ့များ၏ ဝါဒဖြန့်မှုများနှင့် စွပ်စွဲချက်များဖြင့် ပြည့်နှက်နေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။ ထို့အပြင် မဟာမင်းကြီးနှင့် ကောာင်စီသည် PDF အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများနှင့် သောင်းကျန်းသူ အဖွဲ့များ၏ ကြိုတင်ကြံစည်တိုက်ခိုက်မှုတို့ကို အစဉ်တစိုက် လျစ်လျူရှုခဲ့သည်။

အစိုးရက တန်ပြန်တိုက်ခိုက်ချိန်တွင် ယင်းတို့မှ လူအခွင့်အရေးချိုးဖောက်မှုအဖြစ် ပုံဖော်ခဲ့သည်။ မဟာမင်းကြီး ပြောကြားခဲ့သော အမျိုးသားနှစ်ဦးအား အရှင်လတ်လတ်မီးရှို့ခဲ့သည့် ဗီဒီယိုနှင့် စပ်လျဉ်း၍ ယင်းဗီဒီယိုအား သေချာစစ်ဆေးကြည့်ရာတွင် ကျူးလွန်သူများ အသုံးပြုခဲ့သည့် လက်နက်မှာ တပ်မတော်အနေဖြင့် မည်သည့်အခါကမျှ အသုံးပြုခြင်း မရှိသော လက်နက်များဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့အတူ မဟာမင်းကြီး ပြောကြားခဲ့သည့် စစ်တွေမြို့ရှိဈေးကို တိုက်ခိုက်မှုမှာ AA သောင်းကျန်းသူများက ကျူးလွန်ခြင်း ဖြစ်သည်။ ထိခိုက်မှုဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ပြန်လည်တုံ့ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး အစဉ်အမြဲအလေးထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းတွင် ကုလသမဂ္ဂအဖွဲ့အစည်း ၂၀ ကျော်နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း ၂၀၀ နီးပါးတို့၏ ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ အထူးသဖြင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *