October 19, 2024

၅.၃.၂၀၂၄
Written By Thandar

The International Women’s Meditation Center Foundation က သာသနာအတွက် ထူးချွန် ပြောင်မြောက် အမျိုးသမီးတစ်ဦးအနေနဲ့ ချီးမြှင့်တဲ့ Outstanding Woman In Buddhism Awards ဆုကို သရုပ်ဆောင် ခိုင်နှင်းဝေက ရရှိခဲ့တယ်လို့သိရပါတယ်။

ထိုင်ဝမ်မြို့မှာ ကျင်းပမယ့် Outstanding Woman In Buddhism Awards ဆုပေးပွဲကို သရုပ်ဆောင် ခိုင်နှင်းဝေ တက်ရောက်ယူနိုင်ခြင်းမရှိတဲ့အတွက် ကိုယ်စားသွားရောက်ယူဆောင်ပေးမယ့် လင်းလက်ခွန်းချိုကို ယနေ့ မတ် ၅ ရက် နံနက်ပိုင်းက လေဆိပ်ကို လိုက်လံပို့ဆောင်ပေးဖြစ်ခဲ့တာဖြစ်ပါတယ်။

“Outstanding Women In Buddhism Awards 2024 ဆုရရှိပေမယ့် သွားယူဖို့အတွက်က အစ်မဆီမှာ ကျန်းမာရေး မကောင်းတဲ့ ကလေးတွေကရှိနေတယ်။ အခုဆိုရင်လည်း ရန်ကင်းကလေးဆေးရုံမှာ နှစ်ယောက်က ဆေးရုံတက်နေရတယ်။ ဇာတ်လမ်းတွဲတွေ လက်ခံထားတာလည်း ရှိနေတယ်။ ကိုယ်က လူအများနဲ့ အလုပ်လုပ်နေရတဲ့ နေရာမှာ အစ်မတစ်ယောက်တည်းကို စောင့်နေရတာမျိုး မဖြစ်စေချင်တဲ့အတွက် ဒီဆုကို သွားမယူဖြစ်တော့တာပါ။ ဒါပေမယ့် ကိုယ့်အတွက် အရမ်းယုံကြည်ရတဲ့ ညီမလေးက ထိုင်ဝမ်အထိ ကိုယ်စားသွားယူပေးမယ်။ သွားယူပေးမယ့် ချစ်ညီမလေး လင်းလက်ခွန်းချိုကို အထူးကျေးဇူး တင်ရှိပါတယ်နော်။ ဒီဆုလေး ထပ်မံရရှိတဲ့အတွက် အထူးလည်း ဝမ်းသာမိပါတယ်။ ဆုချီးမြှင့်ပေးပါတဲ့ “The International Women’s Meditation Center Foundation ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်မကို ချစ်တဲ့သူတွေ အားလုံးကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်ရှင့်” လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

လာမယ့် မတ်လ ၈ရက်မှာ ထိုင်ဝမ်မြို့မှာ Outstanding Women In Buddhism Awards 2024 ပေးအပ်မယ့် ဆုကိုတော့ မြန်မာနိုင်ငံက ၈ ယောက်မြောက်အနေနဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ရရှိတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆုအတွက် ကိုယ်လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် ကိုယ့်နိုင်ငံတွင်းမှာတင်မဟုတ်ဘဲ အခြားနိုင်ငံကပါ အသိအမှတ်ပြုပေးတဲ့အပေါ် ဝမ်းသာမိတယ်လို့ဆိုပါတယ်။

“အစ်မကို ဘာလို့ ပေးတာလဲဆိုပြီး မေးကြည့်လိုက်တော့ အစ်မက ဖောင်ဒေးရှင်းတစ်ခုလည်း ရှိသလို ကလေးတွေကို မွေးကင်းစကနေ အခုအရွယ်ထိကို ရင်ဝယ်ပိုက်ပြီး ကိုယ့်သားသမီးလို့ စောင့်ရှောက်လာတာဖြစ်တဲ့အတွက် သာသနာနဲ့ ပတ်သက်တဲ့ အမျိုးသမီးတစ်ယောက်လို့ သူတို့သတ်မှတ်တယ်။ သူတို့ရဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ အမျိုးသမီးဖြစ်တဲ့အတွက် ဒီဆုကိုပေးအပ်ခဲ့တာလို့ သိရတယ် ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *