MT News
၅. ၃. ၂၀၂၄
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လူငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ် မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ထွက်ပေါ်ရေးအတွက် မိတ်ဖက် စပွန်ဆာဖြစ်သည့် Berocca ၏ ပံ့ပိုးကူညီမှုဖြင့် ပထမအကြိမ် ၂၀၂၄ နွေရာသီ လူငယ် ဘောလုံးသင်တန်းကို မတ် ၃ ရက်မှ ဧပြီ ၃ ရက်အထိ ရန်ကုန်နှင့် မန္တလေးရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘောလုံး အကယ်ဒမီများတွင် သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ် ပို့ချပေးနေပြီး ပထမအကြိမ်တွင် စာရင်းသွင်းရန်မမှီလိုက်သည့် လူငယ်များအတွက် ဒုတိယအကြိမ်သင်တန်းကို လာမည့် ဧပြီနှင့်မေလတွင် ဆက်လက်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
လက်ရှိသင်ကြားပေးနေသည့် အခြေခံ ဘောလုံးသင်တန်းသို့ အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း (ကျား/မ) ရန်ကုန်နှင့် မန္တလေးတွင် လူ ၅၀၀ လက်ခံသင်ကြားပေးနေကာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် နံနက် ၇ နာရီ ၃၀ မိနစ်မှ ၉ နာရီအထိ အခြေခံဘောလုံးပညာများ သင်ကြားရမည်ဖြစ်သည်။
သင်တန်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ် သင်ကြားပေးပြီး သင်တန်းသား တစ်ဦးချင်းစီအား ဝတ်စုံနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါ ပထမအကြိမ် သင်တန်းကို ရန်ကုန် သင်တန်းအတွက် သင်တန်းသား ကျား (၂၀၀) ဦးနှင့် မ (၅၀)ဦး ၊ မန္တလေးသင်တန်းအတွက် ကျား (၂၀၀) ဦးနှင့် မ (၅၀)ဦး လက်ခံသင်ကြားပေးနေခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အခြေခံဘောလုံးသင်တန်းများကို ဒေသအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပေးရန်လည်း ဆောင်ရွက်နေပြီး ဒုတိယအကြိမ်သင်တန်းအတွက် ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက ( ၀၉- ၂၆၃၀၃၁၆၈၉ )နံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။