October 20, 2024

၅.၃.၂၀၂၄
Translated by Htwe Ko Tun

(Free Press Journal မှ ဆောင်းပါးရှင် Jayanta Roy Chowdhury ၏ india’s ‘Act East’ Policy Faces Uncertain Times As Myanmar’s Civil War Runs Aground Ambitious Sittwe Project ကို ဆီလျော်သလို ကောက်နုတ်ပြန် ဆိုသည်)

လက်ရှိကာလမှာ မြန်မာနိုင်ငံအတွင်း AA လက်နက်ကိုင်တွေလို့သိကြတဲ့ ရခိုင်လူမျိုးစုသူပုန်တွေက ရခိုင်ပြည်နယ်မှာ ပြည် နယ်မြို့တော် စစ်တွေမြို့ရဲ့သင်္ဘောဆိပ်ကိုထိန်းချုပ်နိုင်ဖို့ မြန်မာ့တပ်မတော်ကို ပုန်ကန်တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်လာနေကြတာက အိန္ဒိယအစိုးရရဲ့ ပြည်ပကုန်သွယ်ရေးတိုးမြှင့်ဖို့နဲ့ အရှေ့မျှော်မူဝါဒရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လျစ်လျူရှုခံထားရတဲ့ နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တွေနဲ့ ထိတွေ့ဆက်သွယ်မှုရှိဖို့နဲ့ နိုင်ငံအရှေ့ပိုင်းနယ်စပ်ဒေသတွေကိုလည်း မတည်မငြိမ် အခြေအနေတွေမှ ကင်းဝေးထိန်းသိမ်းနိုင်ဖို့ သူ့ရဲ့ ရည်ရွယ်ချက်နှစ်ခုကို ထိခိုက်မှုဖြစ်စေခဲ့တယ်လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံရဲ့အနောက်ဘက်ခြမ်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ ပြည်နယ်ရဲ့အနောက်မြောက်ဘက်မှာ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ ထိစပ်နေပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာလည်း AA က တည်ငြိမ်မှုမရှိတဲ့မြို့အချို့ကိုသိမ်းထားပြီး အိမ်နီးချင်း ချင်းပြည်နယ်အတွင်းက နယ်မြေတွေလည်းရယူထားတယ်လို့ နောက်ဆုံးသတင်းအချို့က ဆိုပြန်တာကြောင့် အိန္ဒိယနိုင်ငံအဖို့ သူ့ရဲ့ရည်ရွယ်ချက်တွေ အောင်မြင်စေဖို့ရာမှာ ဗျာများရတဲ့ အခြေအနေကို ရောက်ခဲ့ရပါတယ်။ ဒါ့ပြင် မြန်မာ့တပ်မတော်ကို ရင်ဆိုင်တိုက်ခိုက်နိုင်နေရုံမက ဗိုလ်မှူးချုပ်အဆင့်တစ်ဦးအပါအဝင် အခြားအကျဉ်း သားတွေကိုလည်း ဖမ်းဆီးသွားနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ သူ့ရဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့ ရခိုင်ဒေသရဲ့အချက်အခြာကျတဲ့ စစ်တွေမြို့သင်္ဘောဆိပ်ကို ပြန် လည်မွမ်းမံ တည်ဆောက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ စစ်တွေမြို့နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့တို့အကြား ကုလားတန်မြစ် ကြောင်းအတိုင်း ရေလမ်းခရီးနဲ့ဆက်သွယ်ကာ ပလက်ဝမှ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မီဇိုရမ်ပြည်နယ်သို့ အဝေးပြေးကားလမ်း ဖောက်လုပ်ပြီး အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းက ပြည်မနဲ့ဝေးကွာကာ လျစ်လျူရှုခံထားရသလိုဖြစ်နေခဲ့တဲ့ ပြည်နယ်တွေကို မြန်မာနိုင်ငံအတွင်းမှဖြတ်၍ အထောက်အပံ့ပြုပေးဖို့ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးစီမံ ကိန်းကို အကောင်အထည်ဖော်နေခဲ့တာကြာပါပြီ။

ဒီစီမံကိန်းရဲ့ အဆင့်တစ်ခုအနေနဲ့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ပြုပြင်တည်ဆောက်ထားတဲ့ စစ်တွေဆိပ်ကမ်းကို ၂၀၂၃ ခုနှစ် မေလအတွင်းက ဖွင့်လှစ်နိုင်ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၊ ဟာလ်ဒီယာဆိပ်ကမ်းမှ ပထမဆုံးရောက်ရှိလာတဲ့ ကုန်သင်္ဘောတစ်စီးဆိုရင် အရှေ့မြောက်ပြည်နယ်တွေကို ဆက်လက်ပို့ဆောင်ဖို့ စစ်တွေသင်္ဘောဆိပ်ကိုတောင်ရောက်ရှိခဲ့ပြီလို့ ကြေညာခဲ့ပါသေးတယ်။

ဒါပေမယ့် အမေရိကန်ဒေါ်လာ ၄၈၄ သန်းအကုန်အကျခံ ဆောင်ရွက်နေတဲ့ အဆိုပါကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းက အစပိုင်းမှာ ဒီလိုအောင်မြင်မှုတွေရှိခဲ့ပေမယ့် အခုအခါမှာတော့ အခြေအနေဆိုးရွားကာ လှုပ်လေမြုပ်လေ အရှုပ်တော်ပုံထဲရောက်ရသလိုဖြစ်နေပါတယ်။ စီမံကိန်းမှာ ကုန်းလမ်းကနေ အဝေးပြေးလမ်းတစ်လျှောက် ကုန် ပစ္စည်းတွေသယ်ယူဖို့အစီအစဉ်ရှိရာမှာ အခုဆို အဲဒီလမ်းတစ်လျှောက် လေယာဉ်တွေ၊ တင့်ကားတွေနဲ့အမြောက်ကြီးတွေပါဝင်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲရဲ့ အစောပိုင်းမှာတော့ စစ်တွေမြို့နဲ့ ၁၅၈ ကီလိုမီတာသာဝေးပြီး ဒေသတွင်း အချက်အခြာလည်းကျတဲ့ ပလက်ဝက AA သူပုန်တွေလက်ထဲကျခဲ့တယ်လို့ ဆိုပါတယ်။ AA က သူတို့အနေနဲ့ မြန်မာ့တပ်မတော်က တင့်ကားတွေကိုတောင် စစ်တွေနဲ့ ကီလိုမီတာ ၂၀ သာ ဝေးတဲ့ မင်းချောင်းတံတားမှာ ဖျက်ဆီးခဲ့တယ်လို့ ဆိုပြန်ပါတယ်။ ပြည်နယ်မြို့တော် စစ်တွေမှာ အိန္ဒိယနိုင်ငံရဲ့ ကောင်စစ်ဝန်ရုံး ရှိပါတယ်။

အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ကလည်း မြန်မာနိုင်ငံရဲ့ အရင်အစိုးရအဆက်ဆက်လက်ထက်မှာရော၊ လက်ရှိ နစကအစိုးရလက် ထက်မှာရော မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်တွေနဲ့ ဆက်ဆံမှုရှိခဲ့တာမဟုတ်ပါဘူး။ အာဏာရအစိုးရချင်းသာ ဆက်ဆံခဲ့တာပါ။

တစ်ဖက်မှာကြည့်ပြန်ရင်လည်း အိန္ဒိယနိုင်ငံရဲ့ပြိုင်ဖက် တရုတ်နိုင်ငံဆိုရင် မြန်မာအစိုးရကို စစ်လက်နက်ပစ္စည်းတွေအကူ အညီပေးနေကာ မြန်မာနိုင်ငံမြောက်ပိုင်းကိုဖြတ်လို့ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကူမင်းပြည်နယ်ကို ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်ဖြူမြို့ဆိပ်ကမ်းနဲ့ ချိတ်ဆက်ဖို့ စီမံကိန်းတစ်ခုကိုဆောင်ရွက်နေတာပါ။ ဒီတော့ကာ တရုတ်အစိုးရအနေနဲ့လည်း သူ့စီမံကိန်းဖြစ်မြောက်ဖို့ စစ်ပွဲအတွင်း နှစ်ဖက်စလုံးနဲ့ထိတွေ့ကာ ဗျာများနေရပြန်ပါတယ်။

တရုတ်အစိုးရက မြန်မာအစိုးရကို စစ်ရေးအကူအညီပေးနေတယ်ဆိုပေမယ့် အခြားတစ်ဖက်မှာ သူပုန်အဖွဲ့တွေက ကျောက်စိမ်း၊ အဖိုးတန်ကျောက်မျက်ရတနာတွေနဲ့ အခြားကုန်ပစ္စည်းတွေကို ဥပဒေပြင်ပက ရောင်းဝယ်နေကြတာကို မျက်စိမှိတ်မသိချင်ယောင်ဆောင်နေသလို သူပုန်အဖွဲ့တာဝန်ရှိသူတွေကိုလည်း နယ်စပ်တွေကို စိတ်ကြိုက်ဖြတ်သန်းခွင့်ပေးထားတာပါ။

တရုတ်ရဲ့ ကျောက်ဖြူနဲ့ ကူမင်းချိတ်ဆက်ဖို့ စီမံကိန်းက ပြောရမယ်ဆိုရင် ပိုပြီးတော့ ရည်မှန်းချက်ကြီးမားသလို ဒေါ်လာ ဘီလျံနဲ့ချီကုန်ကျမှာဖြစ်သလို ပိုလို့လည်း မဟာဗျူဟာမြောက်တဲ့စီမံကိန်းလို့ဆိုရမှာပါ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းကြောင့် တရုတ်ကုန်သင်္ဘောတွေအဖို့ မလက်ကာ ရေလက်ကြားကိုဖြတ်သန်းဖို့ လိုမှာမဟုတ်တော့သလို ကပ္ပလီပင်လယ်နဲ့ ဘော်နီယိုပင်လယ်တွေကိုလည်း ဆက်သွယ်ပေးနိုင်ကာ တရုတ်နိုင်ငံသို့တင်သွင်းမယ့် ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ အခြားကုန်စည်တွေကို ရမ်း‌ဗြဲကျွန်း၊ ကျောက်ဖြူမြို့ကနေ ကူမင်းသို့ သယ်ယူနိုင်မှာပါ။ ဒီလိုသာဆောင်ရွက်နိုင်ခဲ့ရင် တရုတ်နိုင်ငံသို့ ရေနံတင်သွင်းမှုတွေကို အမေရိကန် ဒါမှမဟုတ် အိန္ဒိယရေတပ်တွေရဲ့ ရန်ပြုနှောင့်ယှက်မှုကနေ ကာကွယ်ဖို့လည်း မလိုတော့ပါဘူး။ ဒါကြောင့်လည်း တရုတ်အစိုးရအနေနဲ့ သူ့စီမံကိန်းကိုအန္တရာယ်မပေးအောင် တစ်ဖက်ကလည်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဆက်ဆံထားတာလို့ဆိုနိုင်ပါတယ်။

အိန္ဒိယအစိုးရရဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအရ စစ်တွေဆိပ်ကမ်းအသုံးပြုမှုကိုကြည့်ရင်လည်း အခြားနည်းလမ်းကွဲတွေဖြစ်တဲ့ အိန္ဒိယပြည်မမှဆိပ်ကမ်းတွေ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိပ်ကမ်းတွေကို အသုံးပြုမှုထက် အချိန်နဲ့ကုန်ကျစရိတ် အများကြီးသက်သာတာ တွေ့ရပါတယ်။ တစ်ခါ အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်မူဝါဒကိုပါ အထောက်အကူဖြစ်စေမှာပါ။ ဒါပေမယ့် AA အပါအဝင် မြန်မာနိုင်ငံရဲ့စစ်သွေးကြွအုပ်စုတွေရဲ့ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေမှုတွေက စီမံကိန်းအထမြောက်အောင်မြင်မှုကို အနှောင့်အယှက်ပြုနေတာပါပဲ။

ဒီမှာ အိန္ဒိယအနေနဲ့ ရခိုင်ပြည်နယ်အတွင်း သူ့ရဲ့စီမံကိန်းအောင်မြင်စေဖို့ရာမှ ဒေသအတွင်း တရုတ်နိုင်ငံရဲ့ လမ်းကြောင်းအတိုင်း ဆောင်ရွက်ဖို့သာရှိတယ်လို့ ဆိုချင်ပါတယ်။ ဒါကတော့ အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ရော စစ်သွေးကြွအုပ်စုတွေနဲ့ပါ ချိတ်ဆက်ရန်လိုအပ်ပြီး စီမံကိန်းကြောင့်ရရှိမယ့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေက အားလုံးကိုအကျိုးရှိစေမှာဖြစ်ကာ ရခိုင်ပြည်နယ်ရဲ့ ဒေသခံပြည်သူတွေအတွက် ကြီးမားသော လူနေမှုဘဝတိုးတက်ရေးဆောင်ရွက်ချက်များ ဖြစ်စေမှာကို ရှင်းပြရပါမယ်။

နိဂုံးအနေနဲ့ကတော့ အိန္ဒိယအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အပြည့်အဝအောင်မြင်ကာ အစိုးရရဲ့အရှေ့မျှော်မူဝါဒကိုပါ အထောက်အကူဖြစ်စေဖို့ စီမံကိန်းမြန်မာ နိုင်ငံတွင်းဆောင်ရွက်ရာမှာ ဆန့်ကျင်ဘက် ဘက်ပေါင်းစုံသို့ ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းကိုအသုံးပြုပါလို့ ဆိုချင်ပါတယ်။

Ref – Free Press Journal

Leave a Reply

Your email address will not be published. Required fields are marked *