MT News
၇. ၁၂. ၂၀၂၂
၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းဟာ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်ကိုတောင် တစ်ကြိမ်မှ တက်ဖူးခြင်းမရှိသေးတဲ့ အသင်းငယ်လေး မော်ရိုကိုရဲ့ ကန်ထုတ်ခြင်းခံလိုက်ရပြီး ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရပါတယ်။
ကမ္ဘာကျော်ကစားသမားအများအပြားပါဝင်တဲ့ စပိန်အသင်းဟာ မော်ရိုကိုအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဖိအားပေးနိုင်ခဲ့ပေမဲ့ မိနစ် ၁၂၀ အတွင်း ဂိုးမသွင်းနိုင်တဲ့နောက် ပယ်နယ်တီမှာတော့ တစ်လုံးမှမဝင်ခဲ့ကြဘဲ မော်ရိုကိုသွင်းသွားတဲ့ ပင်နယ်လ်တီသုံးလုံးကို ခွင့်ပြုခဲ့ရချိန်မှာ မျက်ရည်စက်လက်နဲ့ ကမ္ဘာ့ဖလားကို ကျောခိုင်းကြရပါတော့တယ်။
ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် စပိန်အသင်းကို ပင်နယ်လ်တီမှာ သုံးဂိုးသွင်းပြီး ကွာတားဖိုင်နယ်ကို ပထမဆုံးတက်ရောက်ခဲ့တဲ့ မော်ရိုကိုမှာ ဒီနေ့ညအတွက် အဓိက သူရဲကောင်းကတော့ မော်ရိုကိုဂိုးသမားဘိုနိုပါ။
ပယ်နယ်တီ အဆုံးအဖြတ်မှာတော့ မော်ရိုကိုက ဆာဘီရီ၊ ဇီယက်ချ်၊ ဟာကီမီတို့ အမှားအယွင်း မရှိ ဂိုးဝင်အောင် ကန်သွင်းခဲ့ပြီး ဘီနူရဲ့ ကန်ချက်ကိုတော့ စပိန်ဂိုးသမားက လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။ စပိန်ကတော့ ဆာရာဘီရာ ကန်ချက် တိုင်ထိထွက်ခဲ့ပြီး ကားလို့စ် ဆိုလာနဲ့ ဘူးစ်ကွက်စ်တို့ရဲ့ ကန်ချက်တွေကို မော်ရိုကိုဂိုးသမား ဘိုနို ကာကွယ်သွားခဲ့တာကြောင့် စပိန်အသင်းရဲ့ ပင်နယ်လ်တီနှစ်လုံးကာကွယ်နိုင်ခဲ့တဲ့ ဘိုနိုဟာ မော်ရိုကိုသူရဲကောင်းဖြစ်လာခဲ့ပါတယ်။
စပိန်အသင်းဟာ ဒီနေ့ပွဲစဥ်မှာ ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိရှိပြီး ဂိုးကန်သွင်းမှု ၁၃ ကြိမ်ရှိပေမဲ့ ဂိုးပေါက်တစ်ကြိမ်ပဲတည့်တဲ့အထိကို ညံ့ဖျင်းခဲ့ပြီး ဂိုးပေါက်ခြောက်ကြိမ်ကန်သွင်းခဲ့တဲ့ မော်ရိုကိုကတော့ နှစ်ကြိမ်ဂိုးပေါက်တည့်ခဲ့ပါတယ်။
လက်ရှိမှာ မော်ရိုကိုအသင်း ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ကင်မရွန်း၊ ဆီနီဂေါနှင့် ဂါနာအသင်းတို့နောက် ကမ္ဘာ့ဖလားကွာတားတက်ရောက်နိုင်တဲ့ စတုတ္ထမြောက်အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လာမဲ့ ကွာတားဖိုင်နယ်မှာတော့ မော်ရိုကိုအသင်းဟာ ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့ရဲ့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။