၅. ၃. ၂၀၂၄
Written by Ye Kyaw
ဆိပ်ကမ်းများရှိ ကုန်ပိုင်ရှင်မှ စွန့်လွှတ်ပြီးဖြစ်သော လေလံကုန်သေတ္တာ ၁၆ လုံးနှင့် LCL Shipment ၁၀ ခုအတွင်းရှိ ကုန် ပစ္စည်းများအား မျက်မြင်ဖွင့်ကြည့်ပြီး ဈေးနှုန်းဖြတ်ကာ တင်ဒါတင်သွင်းမှုစနစ်ဖြင့် ရောင်းချသွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
MIP၊ AWPT၊ HPT & MITT ဆိပ်ကမ်းများရှိ ကုန်ပိုင်ရှင်မှ စွန်လွှတ်ပြီးဖြစ်သော လေလံကုန်သေတ္တာ ၁၆ လုံးနှင့် LCL Shipment ၁၀ ခုအတွင်းရှိ Printing Paper၊ Cassia Seed၊ Fire Foam၊ Household Goods၊ JOSS Paper၊ ORO Fresh၊ Medicine၊ Marble Tile & Construction Material စသည့် ကုန်ပစ္စည်းများအား လက်ရှိအမြင်အခြေအနေတိုင်း မတ်လ ၂၁ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင် ထုခွဲရောင်းချမည်ဖြစ်သည်။
“ကျွန်တော်တို့ ရောင်းတဲ့ လေလံဖောင်ဝယ်ပြီးတော့ ကိုယ့်ဘာသာ မျက်မြင်ကြည့်ပြီးတော့ ကိုယ်ပေးနိုင်တဲ့ဈေးပေးပြီး အိတ်ပိတ်တင်ဒါသွားတာ။ ကွန်တိန်နာမပါဘူး။ ကွန်တိန်နာအတွင်းရှိတဲ့ပစ္စည်း။ အဲဒါကို မျက်မြင်ကြည့်ဖွင့်ရမယ်။ ဖောင်ဝယ်ပြီး အဲဒီဖောင်မှာပါတဲ့ စည်းကမ်းချက်နဲ့ သွားကြည့်ရမှာ ကိုယ်ပေးနိုင်တဲ့ဈေးနဲ့ တစ်ခါတည်းပေးရမှာ။ အိတ်ပိတ်ပေးရမှာ။ တစ်ခါတည်းပေး တစ်ခါတည်းကြေညာပေးမှာ” ဟု လေလံတင်ထုခွဲရောင်းချရေးကော်မတီမှ တာဝန်ရှိသူက ပြော သည်။
တင်ဒါလျှောက်ထားလိုသူများအနေဖြင့် တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Troll Gate အနီး) ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာနတွင် မတ်လ ၇ ရက်မှ ၁၉ ရက်အထိ ရုံးဖွင့်ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။