၄. ၃. ၂၀၂၄
Written by Nyein Kyaw
ရှမ်းပြည်နယ်အတွင်းရှိ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ် သုံးခုအား စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)မှ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် (၃/၂၀၂၄) ဖြင့် ယနေ့ ကြေညာသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်သုံးခု၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အာဏာအပ်နှင်းလိုက်ကြောင်း ကြေညာထားသည်။
တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာ ကျင့်သုံးနိုင်ကြောင်း ဖော်ပြထားသည်။