၇. ၁၂. ၂၀၂၂
လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၄ သန်းကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၅၁၀ ရရှိထားကာ ပြီးခဲ့သည့် ဧပြီနှင့် နိုဝင်ဘာလတို့တွင် အများဆုံး တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီလမှ နိုဝင်ဘာလကုန်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၄၁၁ သန်းတင်ပို့ထားနိုင်ခဲ့ပြီး တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်း ၅၁၀ ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း နိုဝင်ဘာလတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂၆၄,၀၃၇ တန်ကျော် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၀၆ သန်းအထိ အများဆုံးရရှိထားခြင်းဖြစ်ပြီး ဧပြီလတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂၅၀,၉၄၇ တန် တင်ပို့နိုင်ခဲ့၍ ဝင်ငွေဒေါ်လာ ၈၂ သန်းရရှိထားကာ ဒုတိယအများဆုံးဖြစ်ခဲ့သည်။
မေလတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၅၃,၅၀၇ တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၅၁ သန်း၊ ဇွန်လတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၄၆,၀၉၄ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၅၀ ၊ ဇူလိုင်လတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၈၂,၅၅၀ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၆၆ သန်း၊ ဩဂုတ်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၅၆,၈၉၃ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၅၃ သန်း၊ စက်တင်ဘာလတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၉၃၇၉၁ တန်ကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၇ သန်း၊ အောက်တိုဘာလတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၆၃,၁၈၈ တန်ကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၆၅ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေး နှစ်ခုလုံးဖြင့် ဆောင်ရွက်လျက်ရှိသည်။ နယ်စပ်မှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဗြိတသျှကိုလိုနီခေတ် ၁၉၂၀ မှ ၁၉၄၁ ခုနှစ်ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း၊ လွတ်လပ်ရေးခေတ်နှင့် လွတ်လပ်ရေးနှောင်းပိုင်း ကာလများအတွင်း ပြည်ပသို့ဆန်တန်ချိန် အများဆုံးတင်ပို့မှုအဖြစ် ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉ နှင့် ၁၉၆၀ ခုနှစ်များတွင် ဆန်တန်ချိန်တစ်သန်းသာ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းကျော်တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း စံချိန်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ခဲ့ကြောင်း သိရသည်။