၄. ၃. ၂၀၂၄
Written by Phyo Wei
စက်သုံးဆီစျေးတွေ ကျဆင်းလာရင် ဆီပြတ်မှုနဲ့ တန်းစီဝယ်ယူရမှု ထပ်ဖြစ်တတ်တဲ့ ဓလေ့တွေအတိုင်း ဒီတစ်ပတ်မှာလည်း ဖြစ်ခဲ့သလို ကောလာဟလ လှုပ်ခတ်သံကြားတိုင်း စျေးဆွဲတင်တတ်တဲ့ မြန်မာနိုင်ငံမှာ အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ဒေါ်လာ၊ ကား ကုန်စျေးနှုန်းတွေ မြင့်မားဆဲမြင့်မားနေတဲ့ ဖြစ်စဥ်တွေလည်းရှိခဲ့ပြီး ဗဟိုဘဏ်ကလည်း အစဉ်အလာမပျက် ဒေါ်လာတွေ၊ ထိုင်းဘတ်တွေ ဆက်တိုက်ထုတ်ရောင်းနေခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း လက်ရှိအခြေအနေတွေအရ ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပကိုပါ တင်ပို့နိုင်ပြီး နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ဖို့အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေသူအားလုံး ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ SAC ဥက္ကဋ္ဌ တိုက်တွန်းတဲ့ဖြစ်စဉ်တွေ၊ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက အာဆီယံမှာအမြင့်ဆုံးဖြစ်နေပြီး အခြားနိုင်ငံတွေထက် နှစ်ဆကျော်မြင့်တက်လာနေတဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းက ထိုးဆင်းနေပြီး တက်ဖို့ခက်တဲ့အကြောင်း၊ စစ်မှုထမ်းဥပဒေထွက်အပြီးမှာ အလုပ်သမားနုတ်ထွက်မှုနှုန်းတွေ မြင့်တက်လာတဲ့အကြောင်းနဲ့ အာဆီယံထဲမှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုက အဆင့် ၆ နေရာသာရှိတယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ ထိုးဆင်းနေလို့ တက်ဖို့ခက်တဲ့ မြန်မာ့စီးပွား
မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းက တရွေ့ရွေ့ထိုးဆင်းလာလို့ အောက်ခြေဆီရောက်လာပေမဲ့လည်း ပြန်လည်ကောင်းမွန်လာမယ့် အရိပ်အယောင်မပြဘဲ တည့်မတ်ဖိုခက်ခဲတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNDP က ပြောပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့စီးပွားရေး တိုးတက်မှုခန့်မှန်းချက်က သုံးရာခိုင်နှုန်းကနေ တစ်ရာခိုင်နှုန်းဆီ အဆင့်လျော့ကျခဲ့သလို လယ်ယာဝင်ငွေ ဆုတ်ယုတ်မှုက အပြင်းထန်ဆုံးဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဝင်ငွေလျော့နည်း ဆုတ်ယုတ်မှုဒဏ်ကို အဆိုးရွားဆုံးခံစားနေရတယ်လို့လည်း UNDP ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
လက်ရှိကာလရဲ့ ပိုမိုနက်ရှိင်းလာနေတဲ့ ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေက တိုင်းပြည်ရဲ့ စီးပွားရေးကို ကမောက်ကမဖြစ်စေသလို ပြည်သူတွေရဲ့ ဝင်ငွေနဲ့ အလုပ်အကိုင်တွေလည်း ပျက်သုဉ်းနေတာ၊ ပြည်သူ့ဝန်ဆောင်မှုတွေကို ပြိုလဲစေခဲ့တာတွေရဲ့ အကျိုးသက်ရောက်မှုက နေ့စဉ်နဲ့အမျှ ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေရတဲ့ သန်းပေါင်းများစွာရှိတဲ့ လူတွေအပေါ်မှာ ဖိစီးထားတယ်လို့လည်း UNDP က ပြောထားပြီး ဒီလိုတွေ့ကြုံရချိန်မှာ ပြည်သူတွေဟာ အစားလျှော့စားတာ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ မခံယူတာ၊ မိမိပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချတာနဲ့ ငွေကြေး ချေးငှားတာ စတဲ့ အန္တရာယ်များတဲ့ ရေတိုဖြေရှင်းနည်းတွေကို အသုံးပြုနေကြရတယ်လို့လည်း UNDP က ပြောပါတယ်။
မြန်မာနိုင်ငံမှာ NUG နဲ့ PDF တွေဟာ အလုံးစုံပျက်သုဥ်းရေးနဲ့သွားမှာဖြစ်ပြီး အကုန်လုံးဖျက်ဆီးပြီးမှပြန်စမယ်ပြောထားသလို လက်ရှိမှာလည်း နိုင်ငံပိုင်အဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်ရုံးတွေ၊ လဝကရုံးတွေ စတဲ့အများပြည်သူဝန်ဆောင်မှုဆိုင်ရာအဆောက်အအုံထောင်ချီ ဖျက်ဆီးထားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံနဲ့ချီရင်တော့ ဒီဖျက်ဆီးနိုင်မှုက ၁၀ ရာခိုင်နှုန်းလောက်ရှိသေးတာပါ။ ဒီ ၁၀ ရာခိုင်နှုန်းလောက်ဖျက်ဆီးမှုမှာတောင် ဒီလောက်ကျပ်တည်းနေရင် ပိုဖျက်ဆီးလေ ပိုကျပ်တည်းလေဖြစ်မှာဖြစ်သလို ဒီလိုဖျက်ဆီးမှု လက်ခံနေသရွေ့လည်း ကိုယ်စိုက်ပျိုးတာကိုယ်ပြန်ရုပ်သိမ်းရမှာပါ။
◾ စစ်မှုထမ်းဥပဒေကြောင့် ပိုမိုရှားပါးလာတဲ့ လုပ်သား
“ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်အစိုးရ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေက နိုင်ငံတစ်ဝန်း တောက်လောင်နေတဲ့ ပြည်တွင်းစစ် ပြီးဆုံးဖို့ ဝေးနေသေးတာနဲ့ လက်တွေ့မှာ အရှိန်မြင့်လာနိုင်တာကို မီးမောင်း ထိုးပြနေတယ်။ ကျင့်သုံးမယ့် ဥပဒေရဲ့ အကျိုးသက်ရောက်မှုကို PMI တိုင်းတာမှုထဲမှာ အကြီးအကျယ် ခံစားရတယ်။ အများစုရဲ့ ထောက်ပြချက်အရ အလုပ်သမားများဟာ သူတို့ရဲ့ ဇာတိနေရပ်သို့ ပြန်သွားခြင်း ဒါမှမဟုတ် တပ်မတော်တွင် အမှုထမ်းရန် ခေါ်ခံရမှာကို ရှောင်ရှားဖို့ နိုင်ငံခြားသို့ ထွက်ကြခြင်းတို့ကြောင့် နုတ်ထွက်မှုများ များပြားလာတယ်။ ဒါ့အပြင် ကုမ္ပဏီများက အလုပ်သမား ရှားပါးနေကြောင်း အစီရင်ခံနေတဲ့ကြားမှာ စစ်မှုထမ်းဥပဒေဟာ အလုပ်သမားများ ပိုရှားပါးလာစေမှာပါ” လို့ S&P Global Market Intelligence ရဲ့ စီးပွားရေးပညာရှင် Maryam Baluch က ပြောလာပါတယ်။
တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် မတည်ငြိမ်မှုနဲ့ အော်ဒါအသစ်တွေ ကျဆင်းလာလို့ မြန်မာ့ကုန်ထုတ်လုပ်မှုက ယုံကြည်မှု ကျဆင်းလာခဲ့တဲ့အပြင် စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်တာကြောင့် ပြည်ပထွက်ခွာ အလုပ်သမားတွေ ပိုမိုများလာပြီး အလုပ်သမားရှားပါးမှုကိုပါ ထပ်မံရင်ဆိုင်နေရတယ်လို့ ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်တဲ့ S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းမှာ ဖော်ပြထားသလို စစ်မှုထမ်းဥပဒေကြောင့် အလုပ်သမားတွေဟာ သူတို့ရဲ့ ဇာတိနေရပ်ကို ပြန်သွားတာ ဒါမှမဟုတ် တပ်မတော်မှာ အမှုထမ်းဖို့ ခေါ်ခံရမှာကို ရှောင်ရှားဖို့ နိုင်ငံခြားကို ထွက်ကြတာ၊ နုတ်ထွက်တာတွေ များပြားလာတယ်လို့ ဂျပန်သုတေသနဌာနက ရေးသားခဲ့တာတွေက အပြင်မှာ တကယ်ဖြစ်နေတဲ့ဖြစ်စဥ်တွေဖြစ်ပါတယ်။ ဒီလို ဆိုးကျိုးတွေရှိနေပေမဲ့လည်း တစ်ခုတည်းသော ကောင်းမွန်မှုက မြန်မာ့လူငယ်အများစုဟာ လက်နက်ကိုင်လမ်းစဥ်ကို အလိုမရှိသလို အယုံအကြည်မရှိကြတာကို မျက်မြင် တွေ့ရတာဖြစ်ပါတယ်။ ဒီလိုမျိုး လက်နက်မကိုင်လိုသူတွေများနေတဲ့အခြေအနေနဲ့ ကျွမ်းကျင်လုပ်သားရှားပါးလာတဲ့ကြားက အခက်အခဲဖြေရှင်းဖို့ကတော့ အစိုးရတာဝန်ယူထားသူတွေ အဖြေရှာရမဲ့မျှခြေပါပဲ။
◾တရုတ်ကူညီမှုအနိမ့်ဆုံး မြန်မာ
အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေအနက် မြန်မာနိုင်ငံက တရုတ်နိုင်ငံကနေ အကူအညီအများဆုံး ရရှိထားတဲ့ နိုင်ငံတွေစာရင်းမှာ အဆင့် ၆ နေရာမှာသာ ရပ်တည်နေတယ်လို AID DATA အဖွဲ့က ပြောလာပါတယ်။ တရုတ်နိုင်ငံက အာဆီယံ ဒေသတွင်းနိုင်ငံတွေကို ကူညီထောက်ပံ့ပေးရာမှာ ဘဏ္ဍာရေးအကူအညီ၊ စီးပွားရေးအကူအညီ၊ ဆောက်လုပ်ရေးအကူအညီနဲ့ အကြွေးပေးတဲ့ အကူအညီတွေကို လုပ်ဆောင်ခဲ့ပြီး အဲဒီအကူအညီတွေကို တွက်ချက်ဖော်ပြရာမှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅ ဘီလျံသာ အကူအညီရရှိထားတာဖြစ်ပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေအနက် ကမ္ဘာ့စီးပွားရေး အကောင်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်နိုင်ငံထံကနေ အကူအညီ အများဆုံးရရှိနေတဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၂ ဘီလျံရရှိထားပြီး ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၉ ဘီလျံနဲ့ ဒုတိယ၊ လာအိုနိုင်ငံက အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ဘီလျံနဲ့ တတိယနေရာတွေအပြင် ကမ္ဘောဒီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇ ဘီလျံ၊ မလေးရှားနိုင်ငံက အမေရိကန်ဒေါ်လာ ၁၆ ဘီလျံ အကူအညီတွေ ရရှိထားတာဖြစ်ပါတယ်။
ဒီပမာဏတွေဟာ အတိတ်ကာလကနေမျက်မှောက်အထိ ပမာဏတွေပါ။ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပြီးကတည်းက တရုတ်နဲ့ မြန်မာကြား ဆက်ဆံရေးအေးခဲသွားသလို NLD အစိုးရဟောင်းလက်ထက်မှာလည်း ပြေလည်သယောင်ရှိပေမဲ့ မြစ်ဆုံအစီရင်ခံစာ ချပြမသွားဘဲ စီမံကိန်း Pending ဆက်လုပ်တာနဲ့ ဆက်အဆင်မပြေသလို BRI စီမံကိန်း ၃၃ ခုနဲ့ အပေးအယူလုပ်ထားချိန်မှာလည်း နိုင်ငံရေးအကျပ်အတည်းမှာ NLD၊ NUG နဲ့ PDF က တရုတ်စီမံကိန်းမှန်သမျှ ဖျက်ဆီးတာကြောင့် ကူညီမှုလည်းရပ် ၊ မြှုပ်နှံမှုလည်း ကျဆင်းသွားချိန် ကျားဖြန်အရေးပါ ဝင်နှောင့်တာကြောင့် ရှမ်းမြောက်ပါ မွမွကြေသွားလို့ ပြည်တွင်းမှာ တစ်ချိန်လုံးကြီးစိုးနေတဲ့ တရုတ်မုန်းတီးရေးစိတ်တွေ ပိုများလာသလို တရုတ်ပြည်ဘက်မှာလည်း No more bets ဇာတ်ကားအရှိန်ကြောင့် မြန်မာပြည်ကို ကြောက်လန့်မုန်းတီးစိတ်ဖြစ်နေတဲ့အခြေအနေပါ။ ဒီအခြေအနေအဟကြားမှာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဘယ်လိုပြန်စမလဲဆိုတာတော့ အစိုးရချင်းပဲ မဟာဗျူဟာမြောက်ချမှတ်ရမှာဖြစ်ပါတယ်လို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။