၇ -၁၂ – ၂၀၂၂
Written By Naddy
မြန်မာပြည်အတွင်းရှိ တိုင်းရင်းသားဒေသများတွင် ခရီးသွားလုပ်ငန်းများ ယခင်ထက်ပိုမို တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ အိမ်ထောင်ရှင်အလှမယ်ရွေးချယ်ပွဲ (Mrs. ETHNIC TOURISM 2022) ကို စစ်တွေမြို့၌ ပထမဆုံးအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ၊ ကိုယ့်ရဲ့ ပျောက်ကွယ်နေတဲ့ အရည်အချင်းတွေကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်လို့တော့ ကျွန်တော်မြင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီမြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားဒေသတွေမှာ တိမ်မြုပ်နေတဲ့ ခရီးသွားလုပ်ငန်းတွေကို ကျွန်တော်တို့ကနေပြီး Promote လုပ်ချင်လို့ ကျင်းပရတာ ဖြစ်ပါတယ်”ဟု AKYAB STARS Arts and Talents Centre တည်ထောင်သူ ကိုစံသာက ပြောသည်။
၎င်းပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ရက် မှ ဒီဇင်ဘာ ၂၆ရက်အထိ မြောက်လမ်းမတော်ရပ်ကွက် စစ်တွေမြို့၌ ကျင်းပမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့် အိမ်ထောင်ရှင်အလှမယ်များအနေဖြင့် အသက်၂ဝ မှ ၅၅ နှစ်အထိ အိမ်ထောင်ရှိအမျိုးသမီးများ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
အိမ်ထောင်ရှင်အလှမယ်များ ပါဝင် ယှဉ်ပြိုင်ရာတွင် အရပ်အမောင်း၊ ကိုယ်အလေးချိန်နှင့် ပညာအရည်အချင်းများကို ကန့်သတ်မထားကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အသက်အရွယ်အလိုက်ခွဲပြီး Winner Crown သုံးခု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ Winner Crown ဆုများအနေဖြင့် အသက်၂ဝ မှ ၃ဝ နှစ်အတွင်း အနိုင်ရရှိသူကို ဆုကြေးငွေ ကျပ်သိန်း ၅၀၊ အသက် ၃ဝ မှ ၄ဝ နှစ်အတွင်း အနိုင်ရရှိသူကို ကျပ်သိန်း ၃၀၊ အသက် ၄၀ မှ ၅၅ နှစ်အတွင်း အနိုင်ရရှိသူကို ဆုကြေးငွေ ကျပ်သိန်း၂ဝ စသည်ဖြင့် ချီးမြှင့်ပေးသွားမည် ဖြစ်သည်။
ယင်းပြိုင်ပွဲသည် မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားဒေသများရှိ ခရီးသွားလုပ်ငန်းများ ယခင်ထက်ပိုမို တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်သည်။