October 18, 2024

ပြည်တွင်းရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဥ် (Photo-MWD)

၇.၁၂.၂၀၂၂

Written by Ye Kyaw

ပြည်တွင်းမှထွက်ရှိသည့် ရော်ဘာများကို ဈေးပိုရသည့် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်မှောင်ခိုလမ်းကြောင်းမှတဆင့် တစ်နှစ်လျှင် တန်ချိန်တစ်သိန်းနီးပါးအထိ စီးထွက်နေကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

“မှောင်ခိုလမ်းကြောင်းက အနည်းအကျဥ်းမဟုတ်ဘူး။ တစ်နှစ်တစ်နှစ်ကို တန်ချိန်လေးသိန်းလောက် ထွက်တဲ့ဆီမှာ တရားဝင်သွားတာ သုံးသိန်းလောက်ပဲဆိုတော့ တန်ချိန်တစ်သိန်းနီးပါးလောက်ကတော့ တရားမဝင်တင်ပို့တဲ့ လမ်းကြောင်းကနေ သွားနေတဲ့ အခြေအနေရှိတာပေါ့” ဟု မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍ၌ ခြံငယ်လုပ်ငန်းရှင်အရေတွက်သည် ရာခိုင်နှုန်း ၉၀ ကျော်ရှိနေသဖြင့် တစ်ခြံနှင့်တစ်ခြံ ထွက်ရှိသော ရော်ဘာများသည်လည်း အရည်သွေးတူညီမှုမရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းရော်ဘာများကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရာတွင် အရည်အသွေး၊ စံချိန်စံညွှန်းပိုင်းတွင် လိုအပ်ချက်များရှိနေသဖြင့် နိုင်ငံတကာပေါက်ဈေးထက် တစ်တန်ကို ဒေါ်လာ ၄၀၀ ဝန်းကျင် လျှော့ရောင်းနေရကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

“ဘာကြောင့်လဲဆိုတော့ အိမ်နီးချင်းနိုင်ငံတွေက ဈေးပိုရနေတာ။ ကျွန်တော်တို့က ဈေးနည်းနေတဲ့အခါကျတော့ သူတို့ပိုရတဲ့ဈေးကို သူတို့က ဒေါ်လာ ၄၀၀ လောက်ပိုရတယ်။ ကျွန်တော်တို့ဆီကို ဒေါ်လာ ၁၀၀ လောက်သုံးပြီး ကျွန်တော်တို့ပစ္စည်းတွေကို ပိုပေးပြီး ဝယ်လိုက်တယ်။ သူတို့က အရည်အသွေးကောင်းအောင်ပြန်လုပ်ပြီးတော့ သူတို့က ဒေါ်လာ ၁၀၀၊ ၂၀၀ လောက် ပိုပြီးတော့ ရတာပေါ့နော်။ မှောင်ခိုကတော့ ဈေးပိုရနေတဲ့အတွက် သွားနေအုံးမှာပဲ။ ဟိုဘက်ပို့ရင်လည်း ဒီဈေးပဲ ဒီမှာရောင်းရင်လည်း ဒီဈေးပဲ အချိန်မျိုးမှာ မှောင်ခိုဆိုတာ ပပျောက်သွားမှာ” ဟု ဦးခိုင်မြင့်က ပြောသည်။

ပြည်တွင်း ရော်ဘာများကို မှောင်ခိုလမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ တရုတ်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။

ပြည်တွင်း၌ မွန်ပြည်နယ်တွင် ရော်ဘာအများဆုံး စိုက်ပျိုးခြင်းဖြစ်ပြီး တနင်္သါရီတိုင်းဒေသကြီးတွင် ဒုတိယအများဆုံး စိုက်ပျိုးခြင်းဖြစ်သည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် စိုက်ပျိုးနေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ရော်ဘာစိုက်ပျိုးဧက ၁,၆၄၀,၀၀၀ ဝန်းကျင် စိုက်ပျိုးထားပြီး ထုတ်လုပ်မှုဧက ရှစ်သိန်းခွဲခန့်ရှိကာ တစ်နှစ်လျှင် ရော်ဘာတန်ချိန် လေးသိန်းခန့် ထွက်ရှိနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *