၄. ၃. ၂၀၂၄
Translated by Htwe Ko Tun
ဩစတြေးလျနိုင်ငံတွင် မတ်လ၏ ပထမပတ်အတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များ၏ အထူးထိပ်သီးဆွေးနွေးပွဲကျင်းပသည့်အခါ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုထောက်ပံ့ရေးဆိုင်ရာ အကျပ်အတည်းအခြေအနေများကို အဓိကထား၍ ဆွေးနွေးကြဖွယ်ရှိကြောင်း သိရသည်။
ဩစတြေးလျတွင်ကျင်းပမည့် အာဆီယံထိပ်သီး အထူးဆွေးနွေးပွဲကို မဲလ်ဘုန်းမြို့တွင် ယနေ့ မတ်လ ၄ ရက်၌ စတင်ကျင်းပမည်ဖြစ်ပြီး ဩစတြေးလျအနေဖြင့် အာဆီယံ၏ တရားဝင်မိတ်ဖက်နိုင်ငံဖြစ်လာမှု အနှစ် ၅၀ ပြည့် အမှတ်တရအဖြစ် ဩစတြေးလျတွင် ကျင်းပခြင်းဖြစ်သည်။
ထိပ်သီးဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံအနက် ကိုးနိုင်ငံမှ ခေါင်းဆောင်များ သုံးရက်ကြာ ကျင်းပကြမည်ဖြစ်သည်။ မြန်မာနိုင်ငံကိုမူ ၂၀၂၁ ခုနှစ်တွင် တပ်မတော်မှခေတ္တအာဏာထိန်းသိမ်းပြီးနောက် နိုင်ငံအတွင်း အကြမ်းဖက်မှုများကို မထိန်းချုပ်နိုင်သေး၍ဟုဆိုကာ နိုင်ငံရေးနယ်ပယ်မှကိုယ်စားပြုမှုကို ချန်လှပ်ပြီးထားခဲ့၍ တက်ရောက်မည်မဟုတ်ဟု မျှော်လင့်ရသည်။ အရှေ့တီမောလ်နိုင်ငံ ခေါင်းဆောင်ကို အာဆီယံလေ့လာသူတစ်ဦးအဖြစ် ဖိတ်ကြားထားကာ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ် က နယူးဇီလန်ဝန်ကြီးချုပ်ကိုလည်း ဒေသတွင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် မဲလ်ဘုန်းမြို့သို့ဖိတ်ကြားခဲ့သည်။
ဩစတြေးလျအနေဖြင့် အရှေ့တောင်အာရှဒေသကို တည်ငြိမ်မှုရှိ၍ ငြိမ်းချမ်းကာ ချမ်းသာကြွယ်ဝသော ဒေသ ကြီးအဖြစ်ရှုမြင်လိုကြောင်း၊ ဒေသအတွင်းနိုင်ငံများ၏ ဆက်ဆံရေး ခိုင်မာလာခြင်းက ကျွန်ုပ်တို့အားလုံး၏ အနာ ဂတ် ချမ်းသာကြွယ်ဝမှုနှင့် လုံခြုံရေးကို အာမခံနိုင်မည်ဖြစ်ကြောင်း အယ်လ်ဘာနီးစ်က မတ်လ ၁ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ရာ၌ ဖော်ပြခဲ့သည်။
ဩစတြေးလျက အာဆီယံခေါင်းဆောင်များကို ၂၀၁၈ ခုနှစ်ကလည်း ဆစ်ဒနီမြို့သို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သေးသည်။ ထိုစဉ်က ဩစတြေးလျနှင့် အာဆီယံနိုင်ငံများမှခေါင်းဆောင်များက တရုတ်နိုင်ငံက ၎င်း၏ပိုင်နက်ဟု တစ်ဖက်သတ်ကြေညာကာ အာဆီယံနိုင်ငံအချို့နှင့် ပိုင်နက်ရေပြင်ကိစ္စအငြင်းပွားနေရသည့် တောင်တရုတ်ပင်လယ်အတွင်း ပြဿနာများကိုဖြေရှင်းနိုင်ရန် နိုင်ငံတိုင်းက ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်ရေး ကြေညာချက်ထုတ်တောင်းဆိုခဲ့သည်။
ဩစတြေးလျနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်တို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက တောင်တရုတ်ပင်လယ်အတွင်း ရေပြင်နှင့်ဝေဟင်ပူးတွဲကင်းလှည့်မှုများကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြသည်။ ဘရူနိုင်း၊ မလေးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုများ တရုတ်နိုင်ငံနှင့်ဖြစ်ပွားနေရသည့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။
မဲလ်ဘုန်းမြို့ အာဆီယံအထူးထိပ်သီးဆွေးနွေးပွဲကို ကျင်းပနေစဉ် မတ်လ ၄ ရက် နံနက်ခင်း၌ မြန်မာနိုင်ငံသား ထွက်ပြေးလာသူ ၂၀၀ ခန့်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးနှင့် အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ တပ်မတော်ခေါင်းဆောင်များအား ထိတွေ့ဆက်ဆံမှုမပြုရေးအတွက် ထိပ်သီးဆွေးနွေးပွဲကျင်းပရာနေရာအပြင်ဘက်၌ ဆန္ဒပြခဲ့ကြသေးသည်။
Ref- MSN