October 18, 2024

၄. ၃. ၂၀၂၄
Written by Pan Ei

ဒီနှစ်ထဲ ကျင်းပမဲ့ ၂၀၂၄ ပါရီ အိုလံပစ်မှာ အိမ်ရှင်နိုင်ငံ၊ ဒေသ၊ အဖွဲ့ချုပ်တွေ၊ အရည်အချင်းစစ်ပြိုင်ပွဲတွေ၊ အကောင်းဆုံးကစားသမားတွေအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေစတဲ့ အရာတွေအပေါ် အခြေခံပြီး အရည်အချင်းပြည့်မီတဲ့ ပါဝင်ယှဉ်ပြိုင်မဲ့ အားကစားသမားတွေကို ရွေးချယ်သတ်မှတ်ရာ ဒီနှစ် အိုလံပစ်ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီတဲ့ အားကစားသမားအရေအတွက်ဟာ မတ်လ ၃ ရက်အထိ နောက်ဆုံးအခြေအနေတွေအရ မြန်မာနိုင်ငံမှာ တစ်ဦးမှမရှိဘဲ သုညသာ ရှိနေပါသေးတယ်။

အရှေ့တောင်အာရှက နိုင်ငံတွေထဲမှာတော့ ပါရီအိုလံပစ်အတွက် နိုင်ငံ ၆ ခုက ပါဝင်ယှဉ်ပြိုင်မဲ့ အားကစားသမားတွေက ထိပ်ဆုံးနေရာတွေကို အရယူထားနိုင်နေပြီး ထိုင်းနိုင်ငံက အားကစားသမား ၁၇ ဦးနဲ့ ဦးဆောင်နေပါတယ်။ ထိုင်းနိုင်ငံအနောက်မှာ အင်ဒိုနီးရှားက ၇ ဦး၊ စင်ကာပူက ၆ ဦး၊ မလေးရှားက ၅ ဦး၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ၄ ဦးစီနဲ့ ဦးဆောင်နေကာ မြန်မာနိုင်ငံအပါအဝင် ၂၀၂၃ ဆီးဂိမ်း အိမ်ရှင်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီယား၊ လာအို၊ ဘရုနိုင်း၊ တီမောနိုင်ငံတို့က ၂၀၂၄ ပါရီ အိုလံပစ်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီတဲ့ အားကစားသမား မရှိသေးပါဘူး။

၂၀၂၁ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက အမျိုးသမီးကြက်တောင်ရိုက်ကစားသမား သက်ထားသူဇာနဲ့ အမျိုးသား သေနတ်ပစ်ကစားသမား ရဲထွန်းနောင်တို့က ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

လေးနှစ် တစ်ကြိမ်ကျင်းပတဲ့ အိုလံပစ် အားကစားပြိုင်ပွဲကြီးကို ၂၀၂၄ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဇူလိုင်လ ၂၆ ရက်ကနေ ဩဂုတ်လ ၁၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ပါရီအိုလံပစ်ပွဲမတိုင်ခင် လေးလကျော် ကျန်နေသေးတာကြောင့် ဒီကမ္ဘာ့အားကစားပြိုင်ပွဲအတွက် ဘယ်နိုင်ငံတွေက အားကစားသမားအရေအတွက်တွေ တိုးလာဦးမလဲ ဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာပါ။

Ref; Seasia.stats, Wikipedia

Leave a Reply

Your email address will not be published. Required fields are marked *