◾ PDF များ တိုက်ခိုက်ခံရသည့် ရပ်ကျေးဥက္ကဋ္ဌဇနီးမောင်နှံလည်း သေဆုံးဟု ဆို
၄. ၃. ၂၀၂၄
Written by Nay Moe
ပြည်သူ့စစ်ခေါင်းဆောင်လင်မယားလို့ စွပ်စွဲပြီး အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဇနီးမောင်နှံကို သွားရောက်သတ်ဖြတ်တဲ့ Yoma GBK PDF အဖွဲ့ကို လက်ပစ်ဗုံးနဲ့ပြန်ပစ်ပြီး ခုခံတိုက်ခိုက်တဲ့အတွက် PDF တစ်ဦးသေဆုံးတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၁)၊ အမှတ်-၂ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသအဖွဲ့ဖြစ်တဲ့ Yoma (GBK PDF) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဖြစ်စဥ်က ပဲခူးတိုင်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ ကိုင်းကြီးကျေးရွာ ပြည်သူ့စစ်(ပျူစောထီး) ခေါင်းဆောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌဦးတင်အောင်နဲ့ ဇနီးဖြစ်သူ မထွေးကြည် ခေါ် မသေးသေး တို့ကို စစ်တပ်ထောက်တိုင်လို့သတ်မှတ်တဲ့အတွက် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ – ၁ Yoma (GBK PDF) ပြည်သူကာကွယ်ရေး တပ်ဖွဲ့က မနေ့က မတ်လ ၃ ရက် နေ့လယ် ၃ နာရီအချိန်မှာ နေအိမ်အထိ ဝင်ရောက် သတ်ဖြတ်ကြတာပါ။
ဒီလိုမျိုး Yoma (GBK PDF) အဖွဲ့က အင်အားအများအပြားနဲ့ ဝင်ရောက်သတ်ဖြတ်ပေမဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဦးတင်အောင်က လက်ပစ်ဗုံး ၂ လုံးနဲ့ ပြန်လည် ပစ်ခတ်ခိုက်တာကြောင့် သာယာဝတီခရိုင် တပ်ရင်း (၃၈ဝ၁)တပ်ခွဲ -၁ YOMA(GBK PDF) ပြည်သူကာကွယ်ရေးတပ်ဖွဲ့က PDF နှစ်ဦးကို ထိမှန်ပြီး PDF တစ်ဦးဒဏ်ရာရခဲ့သလို PDF ရဲဘော်ရောင်ခြည်ကတော့ ဗုံးစထိမှန်သေဆုံးသွားခဲ့တာပါ။
အဲဒီနောက် အပြန်အလှန်ပစ်ခတ်မှုတွေက ကိုင်းကြီးကိုင်းကလေးရွာနားအထိ ထိတွေ့တိုက်ပွဲဖြစ်အပြီးမှာ လာတိုက်တဲ့ Yoma PDF အဖွဲ့က PDF ရဲဘော်ရောင်ခြည်အလောင်းရယူပြီး ပြန်လည်ထွက်ပြေးခဲ့တာလို့သိရတာပါ။
ဒီပစ်ခတ်မှုဖြစ်စဥ်မှာ PDF တွေက ပျူစောထီးခေါင်းဆောင်လင်မယားလို့ စွပ်စွဲခံရသူဇနီးမောင်နှံက ကိုင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဇနီးမောင်နှံလို့သိရပြီး နှစ်ဦးစလုံးသေဆုံးသွားတယ်လို့လည်း MT News ရဲ့ ကနဦးစုံစမ်းမှုအရ သိရပါတယ်။
YOMA GBK ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟာ NUG လက်အောင်ခံ PDF အဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲကလည်း ကွင်းချောင်းအုပ်စု၊ ညောင်ပင်အိုင်ကျေးရွာထဲမှာ နိုင်ငံ့ဝန်ထမ်းတွေဖြစ်တဲ့ သာယာဝတီခရိုင် သစ်တောအုပ် ဦးကျော်ဆန်းဝင်းအပါအဝင် သစ်တောဝန်ထမ်းတွေဖြစ်တဲ့ ဦးကျော်စွာဝင်း၊ ဦးခင်ရင်၊ ဦးဇော်ဝင်း၊ ဦးသက်နိုင်ထွန်းတို့ကို ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့လည်း သူတို့ကိုယ်တိုင်ထုတ်ပြန်ထားတဲ့ PDF အဖွဲ့ဖြစ်ပါတယ်။