MT News
Written by Nay Moe
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ ကူးကားကျေးရွာအုပ်စု၊ ပေါက်ချောင်း အလယ်စုကျေးရွာမှ ကျောင်းထိုင်ဆရာတော်နှင့် မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကို သတ်ဖြတ်သည့်အပြင် ဆရာမ ၄ ဦးကိုပါ CDM မလုပ်၍ဟုဆိုကာ PDF ၂၀ ခန့်က ဖမ်းဆီးသွားမှု ယမန်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ ကူးကားကျေးရွာအုပ်စု၊ ပေါက်ချောင်း အလယ်စုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာ ကြီး ဦးဝင်းနိုင်အား သတ်ဖြတ်ပြီး ဆရာ ၃ ဦး၊ ဆရာမ ၆ ဦး၊ ကျောင်းလုပ်သား ၁ ဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားကာ အဆိုပါကျေးရွာရှိ တေဇိန္ဒရာမကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒအား သတ်ဖြတ်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာ ဒီဇင်ဘာ ၆ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်ပါ ဆရာ ၄ ဦး၊ ဆရာမ ၆ ဦး၊ ကျောင်းလုပ်သား ၁ ဦးတို့မှာ သူငယ်တန်းမှ သတ္တမတန်းအထိ တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိစဉ် PDF ၂၀ ခန့်ကို ဦးဆောင်လာသော တစ္ဆေ(ခ)အေးငြိမ်းဖြိုး အပါအဝင် အင်အား(၂၀)ဦးခန့်သည် ဆိုင်ကယ် ၁၀ စီးဖြင့် လက်နက်ကိုယ်စီကိုင်ဆောင် ရောက်ရှိလာပြီး ဆရာ၊ ဆရာမများအား CDM မလုပ်သဖြင့် ခြိမ်းခြောက်ပြောဆိုကာ ကျောင်းအုပ်ဆရာ ကြီး ဦးဝင်းနိုင်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။
ထို့နောက် PDF များက ငယ်ရွယ်သော ဆရာမများဖြစ်သည့် ပေါက်မြို့နယ်၊ အောက်တံခွန်ရပ်ကွက်နေ ဒေါ်ချမ်းမြေ့သူ (၂၈)နှစ်၊ အောင်တော်မူရပ်ကွက်နေ ဒေါ်ဌေးအိဝင်း(၂၈)နှစ်၊ ဆေးပင်ကြီးကျေးရွာနေ ဒေါ်နှင်းဆီ (၂၈)နှစ်နှင့် ဂန့်ဂေါမြို့နယ်၊ မောက်လင်းကျေးရွာနေ ဒေါ်သီသီခိုင်(၂၃)နှစ်တို့ ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် အဆိုပါ PDF အဖွဲ့သည် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် ပေါက်ချောင်းအလယ်စုကျေးရွာရှိ တေဇိန္ဒရာမကျောင်းတိုက်သို့ ရောက်ရှိလာပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒ သက်တော်(၆၀)နှစ်၊ ဝါတော်(၃၇)ဝါအား အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကြောင့် ဆရာတော်သည် ဖြစ်စဉ်နေရာ၌ပင် ရရှိသောဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့သည်။
အထက်ပါဖြစ်စဉ်များ ကျူးလွန်ခဲ့သည့် PDF များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။