October 20, 2024

၄. ၃. ၂၀၂၄
Written by Ye Kyaw

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မှုကြောင့် မြဝတီနယ်စပ်ကုန်သွယ်မှု ပုံမှန်အခြေအနေထက် ရာခိုင်နှုန်း ၄၀ ‌ကျော်လျော့ကျခဲ့၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီ ၂၃ ရက်အထိ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု ဒေါ်လာ ၄ ဒသမ ၀၆၅ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူတွင် ၄ ဒသမ ၉၀၈ ဘီလျံအထိရှိခဲ့ခြင်းကြောင့် ယခုဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု ယခင်နှစ်ကာလတူထက် ဒေါ်လာ ၈၄၂ ဒသမ ၈၃၉ သန်း လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင် စသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၆ ခုဖြင့် ဆောင်ရွက်နေပြီး ယင်းအနက် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသည် အဓိကကုန်သွယ်ရေးစခန်းဖြစ်ကာ ယခုဘဏ္ဍာနှစ် ၁၁ လအတွင်း ၁ ဒသမ ၀၈၅ ဘီလျံသာဆောင်ရွက်နိုင်ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၇၈၀ ဒသမ ၁၂၉ သန်း (ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၄၀ ကျော်) လျေ့ာကျခဲ့ခြင်းဖြစ်သည်။

“ပုံမှန်လေးတော့ သွားနေတယ်ဆိုပေမဲ့လည်း လိုင်စင်တွေနည်းတဲ့အခါကျတော့။ အဓိကတော့ ဒီဘက်ကနေ လိုင်စင်တွေမရှိလို့။ သွင်းကုန်လိုင်စင်မကျလို့ပေါ့။ အရင်ထက် လျော့တာပေါ့။ ဘယ်လောက် လျော့လဲဆိုရင်တော့ ၄၀ ရာခိုင်နှုန်းလောက် လျော့တယ်လို့ ပြောလို့ရတယ်။ ဒီလမ်းကြောင်း အခက်အခဲဖြစ်ပြီးတဲ့‌နောက်မှာပေါ့” ဟု မြဝတီနယ်စပ်တွင် သွင်းကုန်လုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အဆိုပါဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု လျော့ကျခဲ့သည့်ပမာဏ ‌ဒေါ်လာ ၈၄၂ သန်းကျော်အနက် ပို့ကုန်တင်ပို့မှု ဒေါ်လာသန်း ၃၀၀ ကျော် လျော့ခဲ့ပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာသန်း ၅၄၀ ခန့်အထိ လျော့ကျခဲ့ခြင်းဖြစ်သည်။ ထို့အတူ အဓိကကုန်သွယ်ရေးစခန်း မြဝတီနယ်စပ်ကုန်သွယ်မှု လျော့ကျခဲ့သည့်ပမာဏ ဒေါ်လာသန်း ၇၈၀ ကျော်အနက် ပို့ကုန်တင်ပို့မှု ဒေါ်လာသန်း ၃၆၀ နီးပါးနှင့် သွင်းကုန်တင်သွင်းမှု ဒေါ်လာသန်း ၄၂၀ ကျော် လျော့ကျခဲ့ခြင်းဖြစ်သည်။

ကော့ကရိတ်မြို့ နေရာ ၈ ခုကို KNU၊ PDF များက ဒီဇင်ဘာ ၁ ရက်တွင် ဝင်ရောက်တိုက်ခိုက်ကာ တစ်နေကုန်နီးပါး တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မြ၀တီ-ကော့ကရိတ် ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်မှု ဖြစ်ခဲ့ပွားခဲ့ပြီး မဖြစ်မနေ ဖြတ်သန်းသွားရမည်ဆိုပါက KNLA နှင့် KNU မှ တာဝန်ရှိသူများထံ အကြောင်းကြားပြီးမှသာ ဖြတ်သန်းသွားလာရန် သတိပေးထုတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ထို့ကော်ကိုးလမ်းပိုင်း (တောလမ်း)မှ သွားလာနေရသဖြင့် ကုန်ကားကြီးများ သွားလာ၍မရဘဲ ကုန်စည်အနည်းငယ်သာ တင်ဆောင်နိုင်သည့် ခြောက်ဘီးကားနှင့် ခရီးသည်ယာဉ်များသာ အဓိက သွားနိုင်ခြင်းဖြစ်သည့်အတွက် မြဝတီနယ်စပ်တွင် ကုန်သွယ်ရေးလုပ်ငန်းများ ယခင်ထက် လျော့ကျခဲ့ခြင်းကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *