October 20, 2024

၄.၃.၂၀၂၄
Written by Hey Mar

လင်မယားနှစ်ဦး အရက်သေစာအတူသောက်စားပြီး စကားများရာက ယောကျာ်းဖြစ်သူက မိန်းမကို သတ်လိုက်တဲ့ ဖြစ်စဉ် မွန်ပြည်နယ် ၊ သထုံမြို့ ၊ သုဝဏ္ဏဝတီမြို့ ၊ သိမ်‌ဆိပ်ရပ်ကွက်မှာ မနေ့က မတ်လ ၃ ရက် ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က သထုံမြို့ ၊ သုဝဏ္ဏဝတီမြို့၊ သိမ်‌ဆိပ်ရပ်ကွက် ၊ နန်းတောင်းစုပိုင်းမှာ မနေ့က ည ၁၁ နာရီ ၄၈ မိနစ်အချိန်ခန့်က ဦးစောလှဖေ အသက် ၆၇ နှစ်နဲ့ ဒေါ်မြင့်ဝင်း ၅၅ နှစ်တို့ လင်မယားနှစ်ဦး အရက်သေစာ‌အတူသောက်စားပြီးအပြန် နေအိမ်ခြံဝင်းအနီး အုတ်တံတားပေါ်မှာ စကားများရန်ဖြစ်ကြရာက ဇနီးဖြစ်သူ ဒေါ်မြင့်ဝင်းကို ခင်ပွန်းက သေဆုံးတဲ့အထိ ရိုက်နှက်ထိုးကြိတ် လည်ပင်းညှစ်သတ်ခဲ့တာလို့ သိရပါတယ်။

ရုပ်အလောင်းသွားရောက်သယ်ဆောင်ခဲ့တဲ့ ပီတိနှလုံးသားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ကျွန်တော်တို့ ပီတိနှလုံးသားလူမှုကူညီရေးအသင်းကို တာဝန်ရှိသူတွေက ည ၁၂ နာရီလောက် လမ်းဘေးက ရုပ်အလောင်းလာသယ်ပေးဖို့ ပြောတာနဲ့ ကျွန်တော်တို့ သွားသယ်တော့ ရုပ်အလောင်းမှာက လည်ပင်းညိုမဲဒဏ်ရာ၊ နဖူးကွဲ ၊ မျက်လုံးဖူးယောင်၊ နောက်စေ့ကွဲတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေပါပြီ။ ဘေးပတ်ဝန်းကျင်က ပြောပြတာတော့ လင်မယားချင်း အရက်မူးစကားများရာက ယောက်ျားက အုတ်ခုံနဲ့ ခေါင်းနဲ့ ဆောင့်တိုက်တာ လည်ပင်းညှစ်သတ်လိုက်တာလို့ ပြောပြကြတယ်။အသင်းက အလောင်းကို သေချာ ထုပ်ပိုးပြီး သိမ်ဆိပ်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးထားပါတယ်” လို့ MT News စုံစမ်းမေးမြန်းရာမှာ ပြန်လည် ဖြေကြားပါတယ်။

တာဝန်ရှိသူတွေက အမျိုးသားဖြစ်သူ တောင်ကြားလက်ပံကုန်းပိုင်းနေဦးစောလှဖေဆိုသူကို စစ်ဆေးမေးမြန်းခဲ့ကြပြီး စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့လင်မယား အရက်အတူသောက်ကြပြီးအပြန် နန်းတောင်းစုပိုင်းအုတ်တံတားပေါ်အရောက် စကားများရန်ဖြစ်ကြရာက ဒေါသအလျောက် ဇနီးဖြစ်သူရဲ့ လည်ပင်းကို ညှစ်ပြီး အုတ်တံတားကွန်ကရစ်ကြမ်းပြင်နဲ့ ဦးခေါင်းကို ဆောင့်ခဲ့ရာက သေဆုံးသွားရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူကို သိမ်ဆိပ်ရဲစခန်းက ဖမ်းဆီးခဲ့ပြီးသိမ်ဆိပ်ရဲစခန်းရဲ့ (ပ)/၁၅/၂၀၂၄ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရအမှုဖွင့်အရေးယူထားကာ အမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *