October 20, 2024

၄. ၃. ၂၀၂၄
Written by Hey Mar

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင် ၊ ကျောက်မဲမြို့နယ် ၊ ပင်းပေါကျေးရွာအုပ်စု နောင်ပစ်ရွာသွားတဲ့ ကားလမ်းနံဘေးက ကြံခင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို မတော်တဆထိမိရာက ပေါက်ကွဲခဲ့ပြီး ကြံခုတ်လုပ်သား တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၃ နာရီ မိနစ်၂၀ခန့်က ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရလူနာ သုံးဦးအနက် မန္တလေးဆေးရုံကြီးကို လွှဲပြောင်းကုသမှု ခံယူခဲ့ရတဲ့ နှစ်ဦးဟာ ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ဒဏ်ရာသက်သာလို့ ဆေးရုံက ဆင်းခွင့်ရပြီလို့ ဒေသခံလူမှုကူညီရေးအသင်းက MT News ကို ပြောပါတယ်။

အဆိုပါဖြစ်စဥ်အတွင်း အသက် ၁၇ နှစ် ဝန်းကျင်အရွယ် ကြံခင်းလုပ်သားက နေရာတင်သေဆုံးခဲ့ပြီး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့သူ နောင်ပစ်ကျေးရွာနေ အသက် ၃၇ နှစ်အရွယ် စိုင်းလှရွှေ နဲ့ ခဲမွန်ကျေးရွာက အသက် ၂၇ အရွယ် စိုင်းလူတို့ နှစ်ဦးကို ကျောက်မဲပြည်သူ့ဆေးရုံကြီးက မန္တလေးဆေးရုံကြီးဆီ လွှဲပြောင်းကုသမှုခံယူစေခဲ့တာကြောင့် ကမ်းလင့်လက်များ လူမှုကူညီရေး အသင်းကပဲ လိုက်လံပို့ဆောင်ပေးခဲ့တာပါ။

ကမ်းလင့်လက်များ လူမှုကုညီရေးအသင်းမှ တာဝန်ရှိသူက ‘’မန္တလေးကို လွှဲတဲ့ နှစ်ဦးက မိုင်းစတွေ ထိမှန်တာ ဗိုက်တွေ ခါးတွေကနေ ပေါက်ထွက်ဒဏ်ရာတွေ ရခဲ့တာပါ။ ခွဲစိတ်ကုသပြီး မိုင်းစတွေ ရှင်းလင်း ဖယ်ရှားပြီးလို့ ပြန်လည်ထူထောင်နိုင်ပြီး အခုအခါ ဆေးရုံက ဆင်းခွင့် ရပြီမို့ ကျွန်တော်တို့ အသင်းကားနဲ့ပဲ သွားပြန်ခေါ်ပေးမှာပါ။ ဆေးရုံ ပို့တုန်းကလည်း အချိန်မီပို့ဆောင်နိုင်ခဲ့လို့ အခုလိုရှင်သန်ခွင့်ရတဲ့ အပေါ် အသင်းအနေနဲ့ လုပ်ရကျိုးနပ်လို့ ပီတိဖြစ်ရပါတယ်။ တောင်သူတွေ အခုလိုမိုင်း အန္တရာယ်ကနေလည်း ကင်းရှင်းကြပါစေ “ လို့ ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *