၄. ၃. ၂၀၂၄
Written by Hey Mar
ဈေးရောင်းဖို့ တွန်းလှည်းတွန်းလာတဲ့ လင်မယားကို ကားက အနောက်ကနေ ဝင်တိုက်တာကြောင့် အမျိုးသားဖြစ်သူ သေဆုံးပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ် မော်လမြိုင်မြို့ ၊ မောင်ငံအရပ်မှာ ဒီနေ့ မတ်လ ၄ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီပေးခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ် ။
ဖြစ်စဉ်က မော်လမြိုင်မြို့၊ မောင်ငံအရပ်၊ ကွင်းရပ်ကွက်ထိပ်မှာ ဖြစ်ပွားခဲ့ပြီး မနက်ခင်း မောင်ငံဈေးမှာ ကုန်စိမ်းဈေးရောင်းဖို့ တွန်းလှည်း တွန်းလာတဲ့ လင်မယားကို ပရိုဘောက်စ် အဖြူရောင်ယာဉ်က အနောက်ကနေ ဝင်တိုက်ခဲ့တာကြောင့် အမျိုးသားဖြစ်သူ အသက် ၅၀ အရွယ်မှာ ကားဘီးကြိတ်မိဒဏ်ရာနဲ့ နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာမှာ မြေပြင်အကူအညီပေးခဲ့တဲ့ အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက “ ကားသမားပြောတာတော့ သူတို့ကို မမြင်ဘူးပြောတယ်။ အနီးကပ်တွေ့ရတဲ့ချိန်မှာ လန့်ပြီး လီဗာနဲ့ ဘရိတ်မှားနင်းလိုက်မိတာလို့ပြောပါတယ်။ အမျိုးသားကတော့ ကားကြိတ်မိတဲ့ အတွက် ဦးနှောက်ထွက်ပြီးနေရာတင်သေတယ်။ အမျိုးသမီးက တိုက်မိတဲ့ အရှိန်နဲ့ လွင့်သွားတာကြောင့် ဘယ်ခြေသလုံး အရိုးကျိုးပြီး ဖူးယောင်ပေါက်ပြဲ ဒဏ်ရာတွေ ရသွားတယ်။ သူတို့က ဒီလို လှည်းတွန်းပြီး ဈေးရောင်းလာတာ ၁၀ နှစ်ကျော်ပြီလို့ သိရပါတယ်” လို့ MT News က မေးမြန်းစဉ်မှာ ပြန်လည်ဖြေကြားပါတယ် ။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးကို အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က လိုအပ်တာတွေ ပြုစုကူညီပေးခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။