MT News
Written By Myo Khine
အိမ်ခြံမြေရောင်းဝယ်ရေးအပါအဝင် အဖွဲ့ ၅ ဖွဲ့ကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သတင်းပေးအဖွဲ့အဖြစ် သတ်မှတ်လိုက်သောကြောင့် အိမ်ခြံမြေ အကျိုးဆောင်လောက လှုပ်လှုပ်ရှားရှားဖြစ်သွားကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း (MRPDA) မှ သိရသည်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သတင်းပေးအဖွဲ့အဖြစ် သတ်မှတ်ကာ စတင်ကြပ်မတ်လာသော အဖွဲ့များမှာ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ကျောက်မျက်ရတနာများအသင်း၊ သတ္တုရောင်းဝယ်ရေးအသင်း၊ ဥပဒေပညာရှင်များအသင်း၊ ပြည်သူ့လက်မှတ်ရ စာရင်းကိုင်များအသင်းတို့ ဖြစ်ကြောင်း သိရသည်။
“အိမ်ခြံမြေရောင်းဝယ်ရေး အကျိုးဆောင်အဖွဲ့တွေ၊ အဖိုးတန်သတ္တုရောင်းဝယ်ရေးအဖွဲ့၊ ကျောက်မျက်ရတနာများအသင်း၊ ဥပဒေပညာနဲ့ပတ်သက်ပြီးတော့ အသက်မွေးတဲ့သူတွေ၊ ပြည်သူ့လက်မှတ်ရ စာရင်းကိုင်များအသင်း လုပ်နေတဲ့သူတွေ အတွက် သီးသန့်ညွှန်ကြားချက် ထုတ်ထားတာ ဖြစ်တယ်။ အိမ်ခြံမြေလုပ်တဲ့သူတွေအနေနဲ့လည်း တရားဝင် မှတ်ပုံတင်ပြီးမှ လုပ်ခွင့်ရမယ်။ အိမ်ခြံမြေအကျိုးဆောင်တွေကို ငွေရေးကြေးရေးမဟုတ်သော ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဟာ စီးပွားဖြစ်လုပ်ကိုင်ခွင့် ရရှိပြီ ဖြစ်တယ်။ အဲဒီလို လုပ်ခွင့်ရတဲ့အတွက် ပေါ့ပေါ့တန်တန်လုပ်လို့မရတော့ဘူး။ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိလာမယ်။ ရရှိတဲ့ အကျိုးခံစားခွင့် ရလာမယ်။ မြို့နယ်အဆင့် အကျိုးဆောင်များဆိုင်ရာမှတ်ပုံတင်အဖွဲ့ကို ထွေအုပ်က ဖွဲ့ထားပြီးဖြစ်လို့ အဲဒီမှာ မှတ်ပုံတင်ပြီးမှ လုပ်ခွင့်ရမယ်။ မှတ်ပုံတင်တဲ့အခါလည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုကို ထောက်ပံ့တိုက်ဖျက်ရေးဆိုင်ရာဥပဒေနဲ့ ပတ်သက်လို့ သင်တန်းဆင်းလက်မှတ်ပါမှ ဒါကို မှတ်ပုံတင်လို့ရမယ်ဆိုတဲ့ အချက်ပါတာကြောင့် အဲဒီညွှန်ကြားချက် ထွက်လာပြီးတဲ့အခါမှာ အကျိုးဆောင်လောက လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ အရင်လို လုပ်လို့မရတော့ဘူး။ စည်းနဲ့ကမ်းနဲ့တရားဝင် သတ်မှတ်လိုက်တာ”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း MRPDA ဥက္ကဋ္ဌ ဦးအောင်ထွန်းက ပြောသည်။
ယင်းသို့ သတ်မှတ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အကျိုးဆောင်များဆိုင်ရာ လမ်းညွှန်ချက်ကိုလည်း ထုတ်ဝေထားပြီး ဖြစ်ရာ ယင်းတွင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်နေသူများအနေဖြင့် အကျိုးဆောင်လုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက မိမိတို့မြို့နယ်တွင် မှတ်ပုံတင်ပြီး လိုင်စင်ရှိမှသာ လုပ်ကိုင်ခွင့်ရမည်ဆိုသည့် အချက် ပါရှိကြောင်း သိရသည်။
ငွေကြေးခဝါချသည့် နည်းပုံစံများမှာ အကျင့်ပျက်ခြစားမှုနှင့်ဆက်နွယ်မှု၊ ငွေကြေးလဲလှယ်ခြင်း၊ ငွေသားပြောင်းလဲခြင်း၊ ငွေကြေး မှောင်ခိုခြင်း၊ အကြွေးဝယ်ကဒ်များ၊ ချက်လက်မှတ်များ၊ ငွေပေးကတိစာချုပ်များ အစရှိသည် တို့ကို အသုံးပြုခြင်း၊ သေးငယ်ပြီးတန်ဖိုးကြီးသည့်ပစ္စည်းများဝယ်ယူခြင်း၊ အဖိုးတန်ပစ္စည်းများ ဝယ်ယူခြင်း၊ ကုန်စည်ဖလှယ်ခြင်း၊ အီလက်ထရောနစ်ငွေလွှဲစနစ်ကို အသုံးပြုခြင်း၊ မြေအောက် ဘဏ်လုပ်ငန်းစနစ် သမားရိုးကျ မဟုတ်သော ငွေလွဲစနစ်ဝန်ဆောင်မှု များကို အသုံးပြုခြင်း၊ ကုန်သွယ်မှုကိုအခြေပြု ငွေကြေးခဝါချခြင်းနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့ခြင်းတို့ ဖြစ်ကြောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့မှ ဒုရဲမှုးအောင်ကျော်စိုးက မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း ( MRPDA ) ၏ နိုဝင်ဘာလကုန်ရက်က ပြုလုပ်သည့် သင်တန်းတစ်ခုတွင် ပြောကြားခဲ့သည်။
“အခုအချိန်ကစပြီးအရောင်းအဝယ်လုပ်တဲ့အခါ၊ ပစ္စည်းလွှဲပြောင်းခြင်းဆိုင်ရာတွေကို လုပ်ကိုင်တဲ့အခါမှာ သိန်းတစ်ထောင်ထက်ကျော်လို့ရှိရင် သတ်မှတ်ထားတဲ့ ငွေကြေးဆိုင်ရာဥပဒေတွေနဲ့အညီ လုပ်ဖို့လိုတယ်။ ရောင်းသူဝယ်သူတွေ၊ ကိုယ်နဲ့ပတ်သက်တဲ့သူတွေအပေါ်မှာ အလေးထားပြီး စိစစ်ဆောင်ရွက်ဖို့လိုတယ်။ငွေရေးကြေးရေးတွေနဲ့ပတ်သက်လို့ Transition အလွှဲအပြောင်း လုပ်တဲ့အချိန်မှာ သံသယဖြစ်ဖွယ်တွေ ရှိလို့ ရှိရင် သတင်းပေးပို့ရမယ်ဆိုတဲ့ အချက်အလက်တွေပါလာတဲ့အတွက် အကျိုးဆောင်တွေ တာဝန်ကြီးလာတယ်။အကျိုးဆောင်တော်တော်များများထဲမှာက ပညာအရည်အချင်း တတ်တဲ့သူတွေရော ပညာအရည်အချင်း နည်းပါးသူတွေလည်းပါပါတယ်။ အဲဒီအချိန်မှာ ဥပဒေမှာက ရှိပြီးသား၊ မသိလို့ မှားတာကို ဥပဒေအရ လက်မခံပါဘူး။ အဲဒီအတွက်ကြောင့်မို့လို့ မသိလို့ဆိုတာ မရှိရလေအောင် ကိုယ့်ရဲ့အသိုင်းအဝိုင်းကလူတွေကို ဒီသင်တန်းတွေကို လုပ်ပေးနေတာ ဖြစ်တယ်”ဟု MRPDA ဥက္ကဋ္ဌ ဦးအောင်ထွန်းက ပြောသည်။
ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF) က မြန်မာနိုင်ငံကို ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်တွင် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရန် ပျက်ကွက်သည်ဟုဆိုကာ အမည်ပျက်စာရင်း ထည့်သွင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ကြပ်မတ်လာခြင်းလည်းဖြစ်သည်။