October 30, 2024

MNA ၏ ပြေးဆွဲမှု ခရီးစဥ်တစ်ခုကို တွေ့ရစဥ် (Photo-MNA)

၆ – ၁၂ – ၂၀၂၂

Written By Myo Khine

တစ်ပတ်လျှင် နှစ်ကြိမ်ပြေးဆွဲမည့် ရန်ကုန် – ချင်းမိုင် ခရီးစဉ်အတွက် ကြိုတင်လက်မှတ်မှာယူသူ များပြားနေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (𝐌𝐍𝐀)က သိရသည်။

မြန်မာအမျိုးသားလေကြောင်း၏ နိုင်ငံတကာခရီးစဉ်သစ်အဖြစ် ရန်ကုန် – ချင်းမိုင် – ရန်ကုန် ခရီးစဉ်သစ်ကို ယခု ဒီဇင်ဘာ ၉ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်တွင် တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။

“ဒီဇင်ဘာ ၉ ရက်နေ့အတွက်က ထိုင်ခုံတွေ ကုန်လုနီးပါး ဖြစ်နေပါပြီ။ ၃ နေရာလောက်တော့ လွတ်ကျန်ပါသေးတယ်။ တစ်ယောက်ကို ၁၀၅ ဒေါ်လာ ယူပါတယ်။ အသွားအပြန်ဆိုရင်တော့ ၁၇၀ ဒေါ်လာပါ။ တစ်ပတ်ကို သောကြာနေ့နဲ့ တနင်္ဂနွေနေ့ ၂ ရက်ပဲ ပျံသန်းမှာပါ”ဟု 𝐌𝐍𝐀 တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MEAF)အနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ကြမည့် မြန်မာ MoU လုပ်သားများအား လေကြောင်းဖြင့် ပို့ဆောင်နိုင်ရန် လေကြောင်းခရီးစဉ်ပြေးဆွဲရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် ဆွေးနွေးခဲ့ကြသေးသည်။

“ပြီးခဲ့တဲ့ အောက်တိုဘာ တတိယပတ်လောက်က မြဝတီ-မဲဆောက်အသွား အာရှလမ်းမကြီးမှာ ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ကြမယ့် မြန်မာ MoU လုပ်သား ၁၅၀၀ ကျော်လောက် ပိတ်မိခဲ့ကြတယ်။

လမ်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်ပေါ့။ ဒီလိုမျိုး နောက်ထပ်လည်း ဖြစ်မယ်ဆိုရင် နှောင့်နှေးတယ်လေ။ ဒါကြောင့် လေကြောင်းလိုင်းနဲ့ သွားလို့ ရရင် ပိုကောင်းမယ်ဆိုပြီးတော့ ဆွေးနွေးခဲ့ကြတာ။ ဘန်ကောက်ကို တိုက်ရိုက်သွားလို့ မရခဲ့ရင်တောင် ချင်းမိုင်နဲ့ မဲဆောက်မြို့တွေလောက်ကို ပျံသန်းပြေးဆွဲတာလောက်တော့ လုပ်ပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြတာပါ” ဟု MEAF ၏ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *