October 30, 2024

ပြည်တွင်းအထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဥ်

၆. ၁၂. ၂၀၂၂
Written By Myo Khine

အနည်းဆုံးလုပ်ခလစာ ကျပ် ၇၂၀၀ အထိ တိုးမြှင့်မည်ဟူသောသတင်းများမှာ ပွဲဆူအောင်လုပ်သည့်အခြေအနေများဖြစ်ပြီး ယင်းသတင်းမှာ သတင်းအတုသာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်ချိန် ၈ နာရီ (တစ်ရက်)၄၈၀၀ ကျပ်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြေညာစာ ထုတ်ပြန်ကြော်ငြာခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်းကို တတိယအကြိမ်အဖြစ် အနည်းဆုံးအခကြေးငွေ သတ်မှတ်ထုတ်ပြန်နိုင်ရေး စီမံနေကြောင်း အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ထုတ်ပြန်ခဲ့သည်။

ယင်း ထုတ်ပြန်ချက်ပြီးနောက် အနည်းဆုံးလုပ်ခလစာငွေကြေးကို ၇၂၀၀ ကျပ် သတ်မှတ်မည်ဟု လူမှုကွန်ရက်တွင် ရေးသားလာကြခြင်း ဖြစ်သည်။

“၇၂၀၀ တွေရော၊ ၈၀၀၀ တွေရော ပြောနေကြတာပဲရှိပါတယ်။ သတ်မှတ်ထားတာ မရှိသေးဘူး။ ဒီအပေါ်မှာ လုပ်ရမယ့် သမားစဉ်တွေကို အနည်းဆုံးအခကြေးငွေ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ သို့သော်လည်းပဲ လက်ရှိအနေအထားက ဆိုင်းငံ့အနေအထားမှာပဲ ရှိပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့ ဆက်စပ်ပြီး လုပ်ရမယ့် ကိစ္စတွေကို ဘာမှ မလုပ်ရသေးဘူး။ ဒီသတင်းတွေက အတုအယောင် သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ ပွဲဆူအောင်လုပ်တဲ့ အနေအထားမျိုးပဲလို့ပဲ ပြောချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းတွေမစရသေးပါဘူး။ လုပ်ငန်းတွေ အဆင့်တွေများတာကြောင့် အချိန်ယူရပါမယ်။ လွယ်လွယ်လေးလည်း လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။ စစ်တမ်းကောက်တာတွေ လုပ်ရအုံးမယ်။ စီးပွားရေးကောင်းမှ လုပ်လို့ရတာပါ။ ပါးစပ်ကနေ ဒီလောက် တိုးပေးလိုက်၊ တိုးပေးသင့်တယ်ဆိုတာမျိုး ပြောလို့မရပါဘူး။ သူ့လုပ်ငန်းစဉ်အတိုင်းလုပ်ရတာကြောင့် ဆိုင်းငံ့အနေအထားမှာပဲ ရှိပါသေးတယ်။ ဝန်ထမ်းတွေအခက်အခဲရှိတာတွေ သိတယ်။ ကြားတယ်။ သို့သော်လည်းပဲ အများကြီးချင့်ချိန်လုပ်ဆောင်ရမယ့် ကိစ္စပါ။ အလုပ်သမားဝန်ကြီးဌာန တစ်ခုတည်းနဲ့ လုပ်လို့ရတဲ့ အနေအထားလည်း မရှိပါဘူး။ သူ့ရဲ့ ပတ်သက်တဲ့ ဌာနအဆင့်ဆင့် ဆက်စပ်ပြီး အသေးစိတ်လုပ်ရတာဖြစ်လို့ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက မဟုတ်ပါဘူး”ဟု အဆိုပါ ဝန်ကြီးဌာန အရာရှိတစ်ဦးက MT News သို့ ပြောသည်။

လက်ရှိတွင် အလုပ်သမားများအနေဖြင့် တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ရရှိနေကြခြင်းဖြစ်ပြီး ခေတ်ကာလ အခြေအနေနှင့် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုများကြောင့် ယင်း တစ်ရက်လုပ်ခလစာကို တိုးမြှင့်ပေးရန် လိုလားနေကြခြင်းလည်း ဖြစ်သည်။

အထည်ချုပ်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အလုပ်သမားများအတွက် ယခင်က သတ်မှတ်ထားသော တစ်ရက် ၄၈၀၀ ကျပ်မှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁၂၀၀ နှင့် ၁၃၀၀ ပေါက်ဈေးရှိခဲ့စဉ်က ရသည့်လုပ်အားခဖြစ်ကြောင်း၊ ယခုလက်ရှိ ပြင်ပပေါက်ဈေး အမေရိကန် တစ်ဒေါ်လာလျှင် ၂၉၀၀ ကျပ်ခန့်၊ ဗဟိုဘဏ် သတ်မှတ်နှုန်း ၂၁၀၀ ကျပ် အသီးသီး ရှိနေပြီဖြစ်ရာ တစ်ရက်လုပ်အားခကိုလည်း လက်ရှိထက် တိုးမြှင့်ပေးရန် စက်ရုံ ၄၀ ခန့်၌ လုပ်ကိုင်နေကြသော အလုပ်သမားများကိုယ်စား အလုပ်သမားများအရေးဆောင်ရွက်နေသူများက တင်ပြထားကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *