၃. ၃. ၂၀၂၄
Written by Nay Aung
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲကို ကန့်ကွက်လိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ရိုက်တာ သတင်းဌာနသည် ထိုင်းလွှတ်တော်အတွင်း ကျင်းပခဲ့သော မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်စာပို့မေးမြန်းခဲ့ချိန်တွင် ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းလွှတ်တော်အတွင်းကျင်းပခဲ့သော မြန်မာအရေးတွေ့ဆုံဆွေးနွေးပွဲကို ကန့်ကွက်ခဲ့ကြောင်း၊ နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးကို အနုတ်လက္ခဏာဆောင်သောသက်ရောက်မှုများရှိလာနိုင်ကြောင်း တုံ့ပြန်ထားသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ထိုင်းလွှတ်တော်သည် မတ်လ ၂ ရက်နေ့တွင် မြန်မာ့အရေးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး NUG အဖွဲ့ အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး မြန်မာအစိုးရကိုယ်စားလှယ်များတက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ထိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သော ရမ်ဆီမန် ရိုမီက ” ဒီနေ့ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲဟာ မြန်မာ့နိုင်ငံရေး အငြင်းပွားမှုတွေမှာ ပါဝင်နေတဲ့ အားလုံးကြား တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဆွေးနွေးနိုင်အောင် ပြုလုပ်တဲ့ ပထမအဆင့်ပါ။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့စေမယ့် နိုင်ငံရေးအဖြေတစ်ခုရဖို့ လမ်းခင်းပေးမှာပါ”ဟု ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နုကာရာသည် ထိုင်းလွှတ်တော်အတွင်း ကျင်းပမည့် မြန်မာ့အရေးတွေ့ဆုံဆွေးနွေးပွဲတွင် အမှာစကားပြောကြားခဲ့သော်လည်း နောက်ဆုံးမိနစ်တွင် ရှင်းလင်းပြောဆိုခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်ပြီး မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက တစ်စုံတစ်ရာမှတ်ချက်ပြု တုံ့ပြန်ခြင်းမရှိသလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
Thammasat တက္ကသိုလ်မှ အရှေ့တောင်အာရှရေးရာလေ့လာနေသူတစ်ဦးဖြစ်သူ ဒူလေးပက် ပရီချာရက်က ” ထိုင်းလွှတ်တော်ကော်မတီဟာ မြန်မာဒီမိုကရေစီအရေးလိုလားသူအုပ်စုများနဲ့ ထိတွေ့ဆက်ဆံမှု လမ်းကြောင်းနေရာ ပိုမိုဖွင့်လိုက်တာမျိုးဖြစ်တယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံသည် မြန်မာအစိုးရအပြင် အခြားအုပ်စုများနှင့် ပူးပေါင်းပြီးနေရပ်စွန့်ခွာနေသည့် မြန်မာနိုင်ငံသားများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် ဦးဆောင်လုပ်ကိုင်လိုနေကြောင်း သိရသည်။
Ref . Reuters