၃. ၃. ၂၀၂၄
Written by Ye Kyaw
ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃၆၀၀ ကျော်၌ပင် ဆက်လက်မြင့်တက်နေ၍ မတ်လ ၄ ရက် (လာမည့်တနင်္လာနေ့)တွင်လည်း နိုင်ငံခြားငွေဈေးကွက်သို့ ဒေါ်လာ ၁၀ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံ ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေး ကြေညာထားသည်။
ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေါ်လာဆက်တိုက် ထုတ်ရောင်းပေးမှုကြောင့် တစ်ဒေါ်လာ ကျပ် ၃၅၀၀ သို့ ပြန်ကျဆင်းခဲ့သည့် ဒေါ်လာဈေး ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ ပြန်လည်မြင့်တက်လာ၍ ဗဟိုဘဏ်က ဒေါ်လာ ထပ်မံထုတ်ရောင်းချပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၂၂ ရက်တွင် တစ်ဒေါ်လာ ၃၆၀၀ သို့ စတင်ရောက်ရှိခဲ့ပြီး ယမန်နေ့တွင် တစ်ဒေါ်လာ ကျပ် ၃၆၃၀ ကျပ်အထိ ဆက်လက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ဒေါ်လာရောင်းချပေးမှုအနေဖြင့် ဇန်နဝါရီ ၁ ရက်တွင် ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၁ သန်း၊ ဖေဖော်ဝါရီ ၈ ရက်တွင် ဒေါ်လာ ၈ သန်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ဒေါ်လာ ၅ ဒသမ ၃၈ သန်းနှင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဒေါ်လာ ၈ သန်း၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဒေါ်လာ ၈ သန်းနှင့် ဖေဖော်ရီ ၂၇ ရက်တွင် ဒေါ်လာ ၁၀ သန်း ထုတ်ရောင်းပေးခဲ့၍ နှစ်လအတွင်း ၁၄ ကြိမ် ထုတ်ရောင်းချမှု စုစုပေါင်း ဒေါ်လာ ၁၃၉ ဒသမ ၃၁ သန်း ရှိပြီဖြစ်သည်။ ထို့ပြင် မတ်လ ၄ ရက် (တနင်္လာနေ့)တွင်လည်း ထပ်မံထုတ်ရောင်းပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ထိုင်းဘတ် သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဖေဖော်ဝါရီ ၇ ရက်တွင် ထိုင်းဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ထိုင်းဘတ်သန်း ၂၀၀ နှင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိုင်းဘက်သန်း ၂၀၀ နှင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်း၍ တစ်လကျော်အတွင်း ထုတ်ရောင်းပေးမှု စုစုပေါင်း ထိုင်းဘတ်သန်း ၁,၁၀၀ ရှိပြီဖြစ်သည်။ လာမည့် မတ်လ ၄ ရက် (တနင်္လာနေ့)တွင်လည်း ထိုင်းဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်းပေးသွားမည်ဖြစ်သည်။
အလားတူ ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးထားခြင်းလည်းဖြစ်သည်။
နိုင်ငံခြားငွေဈေးကွက်သို့ မဟုတ်ဘဲ သီးခြားအနေဖြင့် လူသုံးကုန်နှင့် ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးခဲ့သလို စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရှိကြောင်း သိရသည်။