၂. ၃. ၂၀၂၄
Written by Nay Moe
မြောင်မြို့နယ် PDF အဖွဲ့ရဲ့ တပ်စခန်းတစ်ခု မတ်လ ၁ ရက်က စီးနင်းခံရပြီး PDF သုံးဦးသေဆုံးသွားတယ်လို့ မိခင်တပ်ရင်းဆီက သိရပါတယ်။
ကျောက်ရစ်စခန်းကနေ စစ်ကြောင်းထိုးလာတဲ့ လုံခြုံရေးတပ်ဖွဲ့က တမဆေးကန်ရွာအနီးက PDF စခန်းကို နယ်မြေရှင်းလင်းစီးနင်းချိန်မှာ PDF တချို့က ထွက်ပြေးသွားလို့ လွတ်မြောက်ပေမဲ့ ကင်းစောင့်နေတဲ့ PDF တွေက ခံပစ်နေရင်း တိုက်ပွဲမှာ သေဆုံးခဲ့တာလို့လည်း Myaung Special People Defence Force – MSPDF နဲ့ လုံခြုံရေးတပ်ဖွဲ့သတင်းတွေအရ စုံစမ်းသိရပါတယ်။
သေဆုံးခဲ့တဲ့ PDF တွေက ရဲဘော်ဒန်အိုး (ခ) နေဇော်အောင်၊ ရဲဘော်ဗြေလုံး (ခ) ဇော်ရတနာပိုင်ထွေးနဲ့ ရဲဘော်ကြွက်ဖြူ (ခ) တင်မျိုးအောင်ဆိုသူတို့ဖြစ်ကြပြီး သေဆုံးသွားတဲ့ ရဲဘော်ကြွက်ဖြူ (ခ) တင်မျိုးအောင်ဟာ ၁၅ ကျော်ရုံသာရှိသေးတဲ့ ကလေးစစ်သားတစ်ဦးဖြစ်တယ်လို့လည်း စုဆောင်းထားတဲ့ NUG လက်အောက်ခံ Myaung Special People Defence Force – MSPDF ပြန်ကြားရေးတာဝန်ခံရဲ့ မီဒီယာအချို့ကို ဖြေဆိုမှုတွေအရ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တပ်မတော်နဲ့နီးစပ်တဲ့ မီဒီယာတွေမှာလည်း မတ်လ ၁ ရက် နံနက် ၂ နာရီခွဲခန့်က ကျားဘီလူးစစ်ကြောင်းနယ်မြေရှင်းလင်းချိန် PDF တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး PDF ၃ ဦး အသေမိ၊ တစ်ဦးအရှင်မိပြီး M-22 သေနတ် ၁ လက်၊ M-22 ကျည် ၁၂၃ တောင့်၊ M-22 ကျည်အိမ် ၂ ခု၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ MS-PDF တံဆိပ်ပါ(အနီရောင်အလံ) ၁ ထည် သိမ်းဆည်းရမိတယ်လို့ သိရသလို တိုက်ပွဲမှာသေသွားတဲ့ PDF တွေကို မိသားစုပြန်ပေးလို့ မိသားစုကပဲ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။