၂.၃.၂၀၂၄.
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံအထက်လွှတ်တော်တွင် မီဇိုရမ်ပြည်နယ်၏ တစ်ဦးတည်းသော လွှတ်တော်အမတ်ဖြစ်သည့် မီဇိုအမျိုးသားတပ်ဦးပါတီ(MNF) မှ ကေ ဗင်လာလ်ဗီနာ က မြန်မာနိုင်ငံအတွင်းရှိ AA ရခိုင်လက်နက်ကိုင်များနှင့် တွေ့ဆုံကာ အိန္ဒိယနိုင်ငံအစိုးရ၏ အရှေ့မျှော်ဝါဒအတွက် အဓိကကျသော နယ်စပ်ဒေသရှိသယ်ယူပို့ဆောင်ရေးစီမံကိန်းတစ်ခုဆောင်ရွက်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံပိုင်သတင်း ဌာနတစ်ခုက ဖော်ပြခဲ့သည်။
ဗင်လာလ်ဗီနာ က ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သော IRCON နှင့်လည်း ဖေဖော်ဝါရီလ ၂၉ ရက်က တွေ့ဆုံခဲ့သည်ဟု သတင်းကဖော်ပြခဲ့သည်။
အိန္ဒိယအစိုးရက မြန်မာနိုင်ငံအတွင်းဆောင်ရွက်နေသော ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းက မီဇိုရမ်ပြည်နယ်၏ လွမ်လိုင်းခရိုင်နှင့် ရခိုင်ပြည်နယ်မြို့တော်စစ်တွေ၏ ဆိပ်ကမ်းတို့ကို ဆက်သွယ်ပေးမည်ဖြစ်သည်။ ထိုစီမံကိန်းအရ စစ်တွေမြို့သို့ ကိုလ်ကတ္တားမြို့မှ ပင်လယ်ရေလမ်းအတိုင်း ဆက်သွယ်ထားမည်လည်းဖြစ်သည်။
ထုတ်ပြန်ကြေညာချက်အရ ဗင်လာလ်ဗီနာနှင့် အဖွဲ့က အာသံရိုင်ဖယ်တပ်ရင်းမှတာဝန်ရှိသူများနှင့် ဇိုရင်ပူ နယ်စပ်ဖြတ်ကျော်ရေးကုန်သွယ်မှုစခန်းတွင် ပထမတွေ့ဆုံခဲ့ကြသည်ဟု သိရသည်။ ထို့နောက် ၎င်းတို့က လွမ်လိုင်းမြို့မှ ဇိုရင်ပူစခန်းသို့ လမ်းဖောက်လုပ်ရေး ကန်ထရိုက်တာများနှင့်ဆွေးနွေးခဲ့ကြသည်။ ထို့နောက်တွင်မူ ၎င်းတို့အဖွဲ့က ဇိုရင်ပူ-ပလက်ဝ သွားလမ်းအတိုင်း ရှစ်ကီလိုမီတာခန့် မြန်မာနိုင်ငံအတွင်း ခရီးဆက်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံမှ IRCON ကုမ္ပဏီကြီးနှင့် မြန်မာနိုင်ငံမှ ကန်ထရိုက်တာအခွဲနှစ်ခုတို့က အစည်းအဝေးတွင် ပါဝင်ကြပြီး ဆောက်လုပ်ရေးစီမံကိန်းဆောင်ရွက်မှုက နှေးကွေးလွန်း၍ စိတ်ပျက်မိကြောင်း ဗင်လာလ် ဗီနာက ပြောခဲ့သည်။ ၎င်းက တာဝန်ရှိသူများကို လုပ်ငန်းဆောင်ရွက်မှုအရှိန်မြှင့်ရန်လည်းတိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ဗင်လာလ် ဗီနာက AA စစ်သွေးကြွများကိုလည်း အဆိုပါအဝေးပြေးကားလမ်းက အားလုံးအတွက်အကျိုးရှိစေမည်ဖြစ်၍ ကန်ထရိုက်တာများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ရာ AA စစ်သွေးကြွများက ၎င်းတို့အနေနှင့် ကန်ထရိုက်တာများကို အနှောင့်အယှက်မပြုပါကြောင်းနှင့် စီမံကိန်းအလုပ်သမားများ၏ လိုအပ်သော လုံခြုံမှုနှင့်ကာကွယ်မှုတို့ကိုပံ့ပိုးပေးမည်ဟု ပြန်လည်ပြောကြားခဲ့သည်။ သို့သော် ယခင်ကမူ AA က ကုလားတန်စီမံကိန်းကို တိုက်ခိုက်ဖျက်ဆီးခဲ့သလို စီမံကိန်းမှ အိန္ဒိယနိုင်ငံသားများကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုပြုခဲ့သည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကို အိန္ဒိယအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့် လေးဆင့်ခွဲ၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ပထမအဆင့်က မီဇိုရမ်ပြည်နယ်နှင့်ကုလားတန်မြစ်ကြောင်းအတိုင်းဆက်စပ်နေသော စစ်တွေသင်္ဘောဆိပ်ကိုပြုပြင်တည်ဆောက်ရန်ဖြစ်သည်။ အဆိုပါ စစ်တွေ သင်္ဘောဆိပ် ပြုပြင်မွမ်းမံမှုက ၂၀၂၃ ခုနှစ် မေလ တွင် ပြီးစီးဖွင့်လှစ်ခဲ့သည်။
ဒုတိယအဆင့်မှာ မြန်မာနိုင်ငံအတွင်း ပလက်ဝမှ စစ်တွေထိ ကုလားတန်မြစ်အတိုင်း ရေလမ်းကြောင်းခရီးဖြစ်သည်။၎င်းအဆင့်ကိုလည်းဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
တတိယအဆင့် ဖြစ်သော ဇိုရင်ပူ(မီဇိုရမ်ပြည်နယ်) မှ ပလက်ဝမြို့သို့ ၁၀၆ ကီလိုမီတာရှည် အဝေးပြေးလမ်း ဖောက်လုပ်မှုမှာနှောင့်နှေးနေရခြင်းကြောင့် စီမံကိန်းအောင်မြင်မှုကိုထိခိုက်နေရသည်။
စတုတ္ထအဆင့်ဖြစ်သော ၉၄ ကီလိုမီတာရှည် လွမ်းလိုင်-ဇိုရင်ပူ ကားလမ်းမှာဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သော်လည်း တစ်ခါတစ်ရံ မြေပြိုမှုများကြောင့် အတားအဆီးများဖြစ်ရကြောင်း သိရသည်။
Ref- MSN