၂. ၃. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကန်တပ်ကီပြည်နယ်၊ လူးဝစ်ဗီလီမြို့မှ မီးသတ်တပ်ဖွဲ့ဝင်တွေက ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားအပြီး အိုဟိုင်းအိုးမြစ်ပေါ်ရှိတံတားတစ်ခုမှာ တွဲလောင်းချိတ်ဆွဲနေတဲ့ ကုန်တင်ထရပ်ကားတစ်စီးက ယာဉ်မောင်းကို မတ်လ ၁ ရက်မှာ ဘေးကင်းစွာနဲ့ စွန့်စွန့်စားစား ကယ်ဆယ်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
ကန်တပ်ကီပြည်နယ်၊ လူးဝစ်ဗီလီမြို့နဲ့ အင်ဒီယာနာပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ George Rogers Clark Memorial တံတားပေါ်မှာ မတ်လ ၁ ရက် မွန်းတည့်အချိန်ခန့်က ကားသုံးစီး တိုက်မိမှုဖြစ်ခဲ့တာလို့ လူးဝစ်ဗီလီမြို့ မီးသတ်တပ်ဖွဲ့အကြီးအကဲက ပြောခဲ့ပါတယ်။ ယာဉ်မတော်တဆမှုမှာထိခိုက်မိခဲ့တဲ့ အခြားတစ်ဦးကိုတော့ ဆေးရုံသို့ချက်ချင်းပို့ပေးခဲ့နိုင်ပြီး ထရပ်ကားမောင်းသူ အမျိုးသမီးက သူ့ရဲ့ ယာဉ်မောင်းခန်းလေးထဲမှာပိတ်မိနေလို့ ကယ်ဆယ်ခဲ့ကြရတာပါ။
တံတားပေါ်က တွဲလောင်းကျနေတဲ့ ကုန်တင်ယာဉ်နဲ့ယာဉ်မောင်းနေရာကို ရောက်ရှိနိုင်ဖို့ ကြိုးကို အသုံးပြုမိနစ် ၄၀ ကြာ ကြိုးစားခဲ့ရပြီး ယာဉ်မောင်းအမျိုးသမီးကို ဆိုင်းကြိုးနဲ့ ချည်နှောင်ကာ ကားအတွင်းမှ ဘေး အန္တရာယ်ကင်းစွာ မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နိုင်ခဲ့ကြတာပါ။ လူးဝစ်ဗီလီရဲတပ်ဖွဲ့က တံတားပေါ် ယာဉ်အသွားအလာကို ပိတ်ထားခဲ့ရသလို ယာဉ်တိုက်မှု ဖြစ်ပွားရခြင်းအကြောင်းရင်းကိုလည်း စစ်ဆေးနေဆဲလို့ သိရပါတယ်။
Ref- AP