၆. ၁၂. ၂၀၂၂
Written by Ye Kyaw
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်လာစေရန် ရည်ရွယ်၍ တတိယအကြိမ် ရုရှား- မြန်မာ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂) တွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် စာချုပ်စာတမ်းခုနစ်ခုကို မြန်မာဘက်နှင့် ရုရှားဘက်မှ တာဝန်ရှိသူများ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့ ဦးဆောင်၍ ရုရှား-မြန်မာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင် ၃၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးသို့ တက်ရောက် လာကြသည့် နှစ်နိုင်ငံစီးပွားရးလုပ်ငန်းရှင်များသည် စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်နှင့် ဓာတ်သတ္တုလုပ်ငန်းကဏ္ဍ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍစသည့် ကဏ္ဍခြောက်ခုကို စကားဝိုင်းဆွေးနွေးပွဲကျင်းပကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။