◼️ဂျော်ဒန်နိုင်ငံက အစာရေစာပြတ်လပ်နေသော ဂါဇာမြို့အတွင်း လေကြောင်းမှအထောက်အပံ့ပစ္စည်းများချပေး
၂. ၃. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဂါဇာဒေသအတွင်းမှာ အစာရေစာငတ်မွတ်ခေါင်းပါးမှု ဘေးဒုက္ခကြီးနဲ့ တွေ့ကြုံရလုနီး ဖြစ်နေတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် မကြာခင်မှာ အမေရိကန် အစိုးရက လူသားချင်းစာနာမှုအထောက်အပံ့တွေကို လေကြောင်းကချပေးဖို့ စီစဉ်ထားတယ်လို့ မတ်လ ၁ ရက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
တစ်ချိန်ထဲမှာပဲ သမ္မတ ဂျိုးဘိုင်ဒန်က သူ မူလကပြောထားခဲ့တဲ့ အစ္စရေးနဲ့ဟားမားစ်တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ် မတ်လ ၄ ရက် နောက်ဆုံးထားပြီးရနိုင်မယ်လို့ မျှော်လင့်တယ်ဆိုတဲ့အခြေအနေကဖြစ်လာနိုင်ဦးမှာမဟုတ်ဘူးဆိုတာလည်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့ပြင် ဘိုင်ဒန်က အစ္စရေးနဲ့ဟားမားစ်တို့အကြား ဓားစာခံတွေ အပြန်အလှန်လဲလှယ်ရေးအတွက် သဘောတူညီချက်တစ်ရပ်လည်း မတ်လ ၄ ရက် နောက်ဆုံးထားပြီးရနိုင်မယ်လို့ ပြောထားခဲ့သေးတာပါ။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုပြုနိုင်ဖို့ သူ့အနေနဲ့မျှော်လင့်ဆဲပါလို့ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတက ထိုသို့ပြောကြားနေစဉ်မှာပဲ ဂျော်ဒန်နိုင်ငံစစ်ဖက်တာဝန်ရှိသူတွေကဂျော်ဒန်အနေနဲ့ ဂါဇာ မြိုရဲ့အစိတ်အပိုင်းတွေအတွင်းသို့ လူသား ချင်းစာနာမှုအထောက်အပံ့ပစ္စည်းတွေကို မတ်လ ၁ ရက်က သုံးကြိမ်တိုင် လေကြောင်းမှချပေးခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။ဂါဇာကမ်းမြောင်ဒေသအတွင်း ရက်ပိုင်းအတွင်းမှာပဲ ငတ်မွတ်ခေါင်းပါးခြင်း ဘေးကြီးကျရောက်လာနိုင်တယ်လိုလူသားချင်းစာနာမှု အဖွဲအစည်းတွေက သတိပေးနေချိန်မှာ ဂျော်ဒန် အစိုးရက အခုလိုဆောင်ရွက်ခဲ့တာပါ။
ဂျော်ဒန်လေတပ်မှ C-130 စစ်လေယာဉ်ကြီးသုံးစီးဟာ ဆိုးရွားစွာ ထိခိုက်ပျက်စီးပြီး အဆက်အသွယ် ပြတ်နေရတဲ့ ဂါဇာမြိုအတွင်း အရပ်သားများထံသို လေထီးတွေနဲ့ စားနပ်ရိက္ခာတွေချပေးခဲ့တယ်လို ဂျော်ဒန်အစိုးရကပြောခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်က ဗီဒီယိုနဲ့ ဓာတ်ပုံတွေမှာ မြိုပေါ်သို့လေထီးနဲ့ ချပေးနေတဲ့ အထောက်အပံ့ပစ္စည်းတွေက ကောင်းကင်ယံမှာ ဝဲလျက်ကျဆင်းလာတာတွေ့ရပါတယ်။
လွန်ခဲ့တဲ့အပတ်ကလည်း ဂါဇာဒေသကနေ အီဂျစ်သို့သွားရာ ရာဖာဂိတ်ကိုထိန်းချုပ်ထားတဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ ကာတာနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီဂျစ်နိုင်ငံတို့နဲ့အတူ ဂျော်ဒန်နိုင်ငံက ဂါဇာဒေသအတွင်း လေကြောင်းက အထောက်အကူပစ္စည်းတွေချပေးခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ကြာမြင့်စွာစစ်ဆေးနေမှုတွေ၊ လူသားချင်းစာနာမှုအထောက်အပံ့တွေမပြုဖို့ ငြင်းပယ်ခံရမှုတွေနဲ့အစ္စရေးတို့ရဲ့ဒေသအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်နေမှုတွေက ဒေသအတွင်း အထောက်အပံ့တွေရောက်ရှိစေဖို့ နှောင့်နှေးကြန့်ကြာစေလျက်ရှိပါတယ်။ကယ်ဆယ်ရေးအဖွဲတွေကလည်း ဂါဇာဒေသအတွင်းသို့ အထောက်အပံ့ပစ္စည်းတွေ လက်ရှိပို့ပေးနိုင်မှုက လုံလောက်မှုမရှိဘူးဆိုတာ ပြောခဲ့ကြပါတယ်။
အစ္စရေးတို့ရဲ့ အထောက်အပံ့ပစ္စည်းတွေကို တင်းကျပ်စွာ စစ်ဆေးမှုတွေကြောင့် ဒေသအတွင်း စားနပ်ရိက္ခာ၊ လောင်စာ၊ ရေနဲ့ ဆေးဝါးအထောက်အပံ့တွေ လိုသလောက်မရောက်ရှိနိုင်ဘဲ ဒေသအတွင်းရှိ ပြည်သူ ၂ ဒသမ ၂ သန်း အတွက် အစာရေစာပြတ်လပ်ခြင်း၊ သောက်သုံးရေရှားပါးခြင်းနဲ့ အသက်ဘေး အန္တရာယ်ရှိတဲ့ ရောဂါတွေဖြစ်ပွားလာနိုင်ခြင်းစတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။
Ref—-။CNN