၂. ၃. ၂၀၂၄
Written by Pan Ei
ထိုင်းတော်ဝင်အစိုးရပြန်တမ်းကနေ ထိုင်းဘဏ္ဍာရေးကဏ္ဍတိုးတက်ဖို့အတွက် အများပြည်သူအားလပ်ရက်တစ်ရက်ကို အပိုသတ်မှတ်ပေးလိုက်ပြီး အဲ့ဒီ အထူးအားလပ်ရက်ဟာ ဆုန်ခရန်ပွဲတော်ကာလအတွင်း ခရီးသွားလာရေးလွယ်ကူချောမွေ့စေဖို့၊ ဝန်ဆောင်မှုကဏ္ဍတွေနဲ့ အလုံးစုံစီးပွားရေးကဏ္ဍတွေမှာ တိုးတက်ကောင်းမွန်စေဖို့အတွက် အစိုးရရဲ့အစပြုမှုတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
သတ်မှတ်လိုက်တဲ့ ထပ်တိုး ပိတ်ရက်မှာ ဧပြီလ ၁၂ ရက်ဖြစ်ပြီး ခုလို အားလပ်ရက် ထပ်တိုးပေးလိုက်တာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့လည်း ကိုက်ညီပြီး နိုင်ငံတစ်ဝန်း ခရီးသွားလာမှုနဲ့ စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုတွေကို မြှင့်တင်ဖို့ မဟာဗျူဟာမြောက် ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ဆုန်ခရန်ရေကစားပွဲတော်နေ့တွေမှာ နဂိုက ဧပြီလ ၁၃ ရက်ကနေ ၁၅ ရက်ထိသာဖြစ်ပြီး ခုလို ဧပြီလ ၁၂ ရက်ကိုပါ အားလပ်ရက်လို့ သတ်မှတ်ပေးလိုက်တာကြောင့် ထိုင်းနိုင်ငံရဲ့ ဆုန်ခရန်ပွဲတော်အတွင်း ဒေသန္တရစီးပွားရေးကို အားကောင်းလာစေမဲ့အပြင် ထိုင်းနိုင်ငံသားတွေကို လေးရက်ကြာ ခရီးသွားလာခွင့်နဲ့ ရေကစားပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့ အခွင့်အရေးတွေ ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဆုန်ခရန်ပွဲတော်ကို ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရပြီးနောက် ဒီနှစ် ထိုင်းတစ်နိုင်ငံလုံးမှာ ဆုန်ခရန် ရေကစားပွဲတော်ကို စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပသွားဖို့ရှိနေပြီး နိုင်ငံထဲက ပြည်နယ်နဲ့ ခရိုင်တွေတစ်လျှောက် ပွဲတော်နဲ့ ဆက်စပ်ပြီးဒေသဆိုင်ရာ ရိုးရာဓလေ့တွေနဲ့ လှုပ်ရှားမှုတွေကို ပြသဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
ခုလိုကြေညာချက်နဲ့အတူ အလုပ်သမားဝန်ကြီးဌာနကလည်း ရေကစားပွဲတော်လက်ဆောင်အဖြစ် တချို့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအတွက် အနိမ့်ဆုံးလုပ်ခလစာကို မြှင့်တင်ဖို့ စဉ်းစားနေပြီး တစ်နှစ်အတွင်း ကြေညာသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
Ref; The Thaiger