၂. ၃. ၂၀၂၄
Written by Pan Ei
စင်ကာပူနိုင်ငံမှာ ဘိုးဘွားစောင့်ရှောက်ရေးအလုပ် လုပ်ကိုင်နေသူ မြန်မာအမျိုးသမီးတစ်ဦးက သူမ ပြုစုစောင့်ရှောက်နေတဲ့ အိပ်ရာပေါ်က သက်ကြီးရွယ်အို အဘွားအိုကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ သောကြာနေ့ (မတ် ၁ ရက်) က တရားစွဲဆိုခဲ့ခဲ့ရတယ်လို့ စင်ကာပူအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။
အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသား မအေးအေးအောင်ဟာ ဝမ်ပိုအာနယ်မြေက တိုက်ခန်းတစ်ခုမှာ ပြီးခဲ့တဲ့လက သက်ကြီးရွယ်အိုအမျိုးသမီးကို အနိုင့်အထက်ပြုကျင့်တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပြီး ပထမအကြိမ်ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သလို သူမဟာ အဘွားအိုရဲ့တင်ပါးကို ရိုက်၊ နဖူးကို လက်နဲ့ထိုး၊ အဘွားအိုရဲ့ လက်ကိုလည်း တက်နင်းပြီး ရင်ဘတ်ပေါ်ကိုလည်း ဒူးထောက်ထိုင်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မအေးအေးအောင်က အဘွားအိုကို ထပ်မံကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရကာ အဲ့ဒီနေ့က နာရီဝက်လောက်ကြာအောင် အဘွားအိုရဲ့ ခြေထောက်ကိုရိုက်၊ နောက်ကျောကို ဆိတ်ဆွဲ၊ ခေါင်းကိုထိုးပြီး အဘွားအိုရဲ့ ရင်ဘတ်ကိုလည် တက်နင်းခဲ့တယ်ဆိုပြီး မအေးအေးအောင်က စွပ်စွဲခံထားရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
သောကြာနေ့က အစိုးရရှေ့နေက စုံစမ်းစစ်ဆေးမှုတွေအပြီးသတ်ဖို့၊ နောက်ထပ်စွဲချက်တွေ ထပ်တင်ဖို့ တန်တုံဆိုင်းဆေးရုံက ကျူးလွန်ခံရသူရဲ့ ဆေးကုသမှုအစီရင်ခံစာအတွက် ရုံးချိန်းကို တစ်ပတ်ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ရာ အဆိုပါ အမှုရဲ့ နောက်ထပ်ရုံးချိန်းကတော့ မတ်လ ၁၁ ရက် ဖြစ်ပါတယ်။
မအေးအေးအောင်ဟာ ထိခိုက်လွယ်သူကို စိတ်ဆန္ဒအလျောက် နာကျင်စေမှု ပုဒ်မ နှစ်ခုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ဆေးဘက်ဆိုင်ရာအစီရင်ခံစာရဲ့ရလဒ်ပေါ် မူတည်ပြီးတော့လည်း ထပ်လောင်းစွဲချက်တင်ခံရနိုင်ပါသေးတယ်။
ဆန္ဒအလျောက် နာကျင်စေမှုနဲ့ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပြီး ထိခိုက်လွယ်သူတစ်ဦးအပေါ် ပြစ်မှုကျူးလွန်ခြင်းကြောင့် သူမဟာ ဒီပြစ်ဒဏ်ရဲ့ နှစ်ဆအထိ ခံရနိုင်တဲ့အခြေအနေလည်း ဖြစ်နေပါတယ်။
Ref; CNA