၂.၃. ၂၀၂၄
Written by Hey Mar
၂၀၂၄ ခုနှစ် မေလထဲမှာ ကျင်းပမယ့် ကိုရီးယား သွား ရောက်အလုပ် လုပ်ကိုင်ခွင့်အတွက် EPS စာမေးပွဲကို အမျိုးသမီးတွေပါ ဝင်ရောက်ဖြေဆိုခွင့်ပြုမှာဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်ခွင့် အခွင့်အလမ်းတွေ ရရှိတော့မှာဖြစ်တယ်လို့ POEA -EPS တာဝန်ရှိသူတွေက ထုတ်ပြန်ကြောညာပါတယ်။
လုပ်ငန်းအမျိုးအစားအတွက် E-9 ဗီဇာ မြန်မာနိုင်ငံက မရရှိသေးပေမယ့် Quota နဲ့ပတ်သတ်ပြီး လုပ်ငန်းအမျိုးအစားအလိုက်သာ သတ်မှတ်ထားကာ အမျိုးသား အမျိုးသမီး ခွဲပြီးမသတ်မှတ်ကြောင်း၊ အလုပ်ရှင်ရဲ့ လုပ်ငန်းခွင်လိုအပ်ချက် အလုပ်နေရာ လိုအပ်ချက်နဲ့သာ ခေါ်ယူမှုပေါ် မူတည်တယ်လို့ သိရပါတယ်။ E9 (EPS)မှာ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးအလုပ်အပြင် ဝန်ဆောင်မှုလုပ်ငန်း(Restaurant industry, Hotel & residence keeping)အတွက် လူဦးရေ ၃၄၀၀၀ ခန့် စေလွှတ်ဖို့ စီစဥ်ထားတယ်လို့လည်း သိရပါတယ်။
Hope Land Korea Language Center မှ ဒါရိုက်တာ ဆရာ သင်ဇော်ဟန်က “အမျိုးသမီးတွေကို ဒီနှစ်စခေါ်မယ်ကြေညာပါတယ်။ အသက် ၁၈ ကနေ ၃၉ နှစ်အတွင်းလို့ အကြမ်းဖျင်းသိရပါတယ်။ အရင်ကတော့ ကမ္ဘောဒီးယားက အမျိုးသမီးတွေတော့ E-9 ဗီဇာနဲ့ လစာ ဝမ် ၂၂ သန်းနဲ့ လုပ်ကိုင်ခွင့်ရနေကြတာ မြင်တွေ့ကြားသိရပါတယ်။ အခု မြန်မာတွေ အခွင့်အလမ်းရှိလာမယ့် သဘောပါ။ အရင်က ၁၆ နိုင်ငံပဲ ခေါ်ရာကနေ ဒီနှစ် တစ်နိုင်ငံတိုးတယ်။ ပါကစ္စတန် ပါလာတယ်”လို့ MT Newsကို ပြောပါတယ်။
ကိုရီးယားနိုင်ငံမှာ အမျိုးသမီးတွေအတွက် လုံခြုံမှုအကာအကွယ်ဥပဒေမြင့်မားတဲ့အတွက်ရော၊ လစာကောင်းမွန်မှုနဲ့ အခွန်ကလည်း မများတဲ့အတွက် သွားရောက်လုပ်ကိုင်ခွင့် ရရှိပါက အခွင့်အလမ်းကောင်းများစွာရရှိနိုင်တာမို့ အခုလို လုပ်သားခေါ်ယူတဲ့အပေါ် မျှော်လင့်ချက်ထားမိတယ်လို့ Hope Land Korea Language Center မှ ဒါရိုက်တာ ဆရာ သင်ဇော်ဟန်က ဆိုပါတယ်။
“ပထမ ဦးစားပေးအနေနဲ့ လုံခြုံရေးကအဓိကပါပဲ။ စင်ကာပူ၊ မလေးရှား စတဲ့နိုင်ငံတွေမှာ အလုပ်သွားလုပ်နေတဲ့ မိန်းကလေးအများစုဆိုရင် အိမ်အကူ များတယ်။ ရတဲ့လစာ နောက်ပြီး အမှုအခင်းတွေဆိုရင်လည်း ကျွန်တော်တို့ကြားသိနေရတာပဲ။ ဟိုမှာက ဒါမျိုးမရှိဘူး။ ဥပဒေက အမျိုးသမီးတွေကို အရမ်း အကာအကွယ်ပေးထားတယ်။ ဒီတစ်ချက်က သွားခွင့်ရမယ်ဆိုရင်ပဲ ကြိုးစားသင့်တဲ့ အချက်လို့ မြင်ပါတယ်။ အခြေခံလစာကလည်းအရမ်းကောင်းတာမို့ ငွေရှာလို့ကောင်းတာက ဒုတိယအချက်ပါ” လို့ ဆရာသင်ဇော်ဟန်က ဆိုပါတယ်။
ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်မယ်ဆိုရင် အဓိက လေ့လာရမယ့် အချက်တွေက ဘာသာစကားဖြစ်ပြီး ဘာသာစကားလေ့လာရာမှာလည်း K-Drama တွေ Youtuber တွေကိုပဲ ကြည့်ရှု့လေ့လာနေမယ့်အစား သတင်းဌာနတွေကို ပိုမိုလေ့လာသင့်ကြောင်းနဲ့ အဲဒီ့အရာတွေကသာ နိုင်ငံတစ်နိုင်ငံရဲ့ ပကတိ အစစ်အမှန်နဲ့ သူ့နိုင်ငံရဲ့ယဥ်ကျေးမှုရော နိုင်ငံသားတွေအကြောင်းပါ ပိုမိုသိရှိနိုင်မှာလို့ Hope Land Korea Language Center က အကြံပြုပါတယ်။
EPS ဝင်ခွင့်ဖြေဆိုခွင့်စာမေးပွဲတွေကို အခု မတ်လထဲမှာ ပထမအသုတ် လျှောက်လွှာတွေ ခေါ်ယူသွားမှာဖြစ်ပြီး ဖြေဆိုရမှာက မေလထဲမှာဖြစ်ပါတယ်။ ဒုတိယ အသုတ် က ၅ လပိုင်းထဲမှာ လျှောက်လွှာခေါ်ယူသွားမှာဖြစ်ပြီး ၇ လပိုင်းနဲ့ ၈ လပိုင်းထဲမှာ ဖြေဆိုရမယ်လို့ လည်း သိရပါတယ်။