၁. ၃. ၂၀၂၃
Written by Ye Kyaw
စက်သုံးဆီတင် သင်္ဘောများ ပုံမှန်အတိုင်းဝင်ရောက်လျက်ရှိပြီး သီလဝါဆိပ်ကမ်းရှိ သိုလှောင်ကန်များတွင် ဆီချယူဖြည့်တင်းလျက်ရှိခြင်းကြောင့် မကြာမီ စက်သုံးဆီ ပြတ်လပ်မည်ဆိုသည့် ကောလာဟလများကို မယုံကြည်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း ဝယ်ယူနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)က ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
ပြည်ပမှ မှာယူထားသည့် စက်သုံးဆီတင် သင်္ဘောများသည် စီစဉ်ထားသည့်အတိုင်း ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းဒေသသို့ ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက် သိုလှောင်ကန်များအသွင်းသို့ စက်သုံးဆီများ ချယူဖြည့်တင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၉ ရက်တွင် ဆီတင်ယာဉ် ၁,၁၇၅ စီးဖြင့် 92 Ron ဂါလန် ၁၂ သိန်းကျော်၊ 95 Ron ဂါလန် ၄ သိန်းကျော်၊ ဒီဇယ်ဆီ ဂါလန် ၉ သိန်းကျော်၊ ပရီမီယံဒီဇယ်ဆီ ဂါလန် ၁၂ သိန်းကျော် ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် သီလဝါဆိပ်ကမ်းဒေသ သိုလှောင်ကန်စခန်းများတွင်လည်း စက်သုံးဆီအလုံအလောက်ရှိပြီး နေ့စဉ်ပုံမှန် ဖြန့်ဖြူးနေသည့်အခြေအနေအတိုင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပြီး အများပြည်သူအနေဖြင့် ကောလာဟလသတင်းများကြောင့် မကြာမီ စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်ပူပန်ပြီး လိုအပ်သည့် ပိုမိုဝယ်ယူရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။
သီလဝါတွင် စက်သုံးဆီ ထုတ်ယူရာတွင် အခက်အခဲများ ဖြစ်ပေါ်နေ၍ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုနှင့် တန်းစီဝယ်ယူရမှုများ ဖြစ်ပေါ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဆီဆိုင်များတွင် ကားများတန်းစီနေခြင်းကြောင့် ယာဉ်လမ်းကြောင်းများ ကျပ်တည်းမှုဖြစ်ပေါ်ခဲ့ပြီး သင်္ဃန်းကျွန်းမြိုနယ်မှ တာမွေဈေးအထိ ယာဉ်ကြောပိတ်ဆိုမှု၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင်လည်း ယာဉ်ကြောပိတ်ဆို့မှု၊ သုဝဏ္ဏ – တာမွေ – မင်္ဂလာတောင်ညွန့်နှင့် အခြားသော ဆီဆိုင်တန်းစီရာ နေရာများတွင်လည်း ယာဥ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။