၁. ၃.၂၀၂၄
Written by Hey Mar
ရထားသံလမ်းကို ဖြတ်ကူးတဲ့ Grade -9 ကျောင်းသားလူငယ်တစ်ဦး ရထားနဲ့ပွတ်တိုက်မိပြီး ပေါက်ပြဲသွေးထွက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့ ဖြစ်စဥ် ဒီနေ့ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်အနီး ရထားသံလမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မေတ္တာညွန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူထံက သိရပါတယ်။
ဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ရွှေဝါလမ်းထိပ်ရထားလမ်း၊ တရားဝင်မဟုတ်တဲ့ လမ်းကူးနေရာကနေ တစ်ဖက် ရပ်ကွက်ကို ဖြတ်ကူးတဲ့ ပုဂ္ဂလိကျောင်းမှ အသက် (၁၅)နှစ်အရွယ် Grade-9 ကျောင်း သားကို မင်္ဂလာဒုံဘက်ကနေ ရန်ကုန်ဘူတာကြီးဆီဝင်မယ့် မြို့ပတ်ရထားနဲ့ ပွတ်တိုက်မိရာက အနီရောင်အဆင့် ပေါက်ပြဲသွေးထွက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။
မေတ္တာညွှန့် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကလေးက ဒဂုံဆိပ်ကမ်းဘက်က လို့ သိရတယ်။ ဒီဘက်ကို ရောက်လာတဲ့ အကြောင်းအရင်းတော့ သေချာမသိပါဘူး။ ကျူရှင်ရှိလို့လား ၊ သူငယ်ချင်းဆီလား တစ်ခုခု ဖြစ်မှာပေါ့။ သူ့ကို ရထားက တည့်တိုက်တာမဟုတ်ဘဲ ရထားဘေးက လက်ကိုင်သံတန်းလိုအရာ၊ ခြေနင်းခုံလို အရာမျိုးနဲ့ တိုက်မိတာမို့ ခေါင်းကတော့ကွဲသွားတယ်။ တိုက်မိတဲ့အရှိန်နဲ့ လွင့်ကျတာမို့ ပွန်းပဲ့ ဒဏ်ရာတွေလည်းရှိတယ်။ ခေါင်းထိတာဆိုတော့ အနီရောင်အဆင့်ပါပဲ။ ၂၄ နာရီတော့ ဆေးရုံကစောင့်ကြည့်မှာပေါ့။ သတိတော့ရနေပါပြီ” လို့ MT News ကို ပြောပါတယ်။
ဖြစ်စဥ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး၊ အဆိုပါထိခိုက်ဒဏ်ရာရရှိခဲ့သူလူငယ်ကို မေတ္တာညွန့်လူမှုကူညီရေးအသင်းယာဥ်နဲ့ ရန်ကုန်ပြည်သူ
ဆေးရုံကြီးအရေးပေါ်ဌာနဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။