၁.၃ .၂၀၂၄
Written by Hey Mar
အရက်သေစာ သောက်စားပြီး ဆိုင်ကယ်မောင်းနှင်လာရာက လမ်းဘေး အုတ်တိုင်ကို ဝင်တိုက်မိကာ တစ်ဦးသေ တစ်ဦး ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဥ် ရှမ်းပြည်(တောင်ပိုင်း)အောင်ပန်းမြို့နယ်မှာ မနေ့က ဖေဖော်ဝါရီ ၂၉ ရက် ညဦးပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရပါတယ်။
ဖြစ်စဥ်က အောင်ပန်း-ကလောကားလမ်း သရက်ပုကျေးရွာအဝင်မှာ ဖြစ်ပွားခဲ့ပြီး ကမ်းပါးနီကျေးရွာနေကိုမောင်မောင်နဲ့ အိုးသည်ရွာနေ ကိုဝင်းတို့နှစ်ဦး ပန်းရံ အလုပ်သိမ်းပြီးအပြန် ၊ အရက်သေစာသောက်စားပြီး ဆိုင်ကယ်မောင်းနှင်လာရာက ကွေ့ကို ဝိုက်ကာ တက်ရတဲ့ နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး အချက်ပြ ဖြူနီကြား အုတ်တိုင်ကို ဝင်တိုက်မိတာလို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်ကြောင့် မောင်းနှင်သူ ကိုမောင်မောင်မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ နေရာတင် သေဆုံးခဲ့ပြီး နောက်ကနေ လိုက်ပါစီးလာတဲ့ ကိုဝင်းမှာ ဆိုင်ကယ်မှောက်တဲ့အရှိန်နဲ့ ကတ္တရာလမ်းပေါ် ဆိုင်ကယ်ပွတ်တိုက်ဆွဲကာ မှောက်တဲ့ အရှိန်ကြောင့် ခြေမနဲ့ လက်ချောင်းတချို့ ပြတ်ထွက်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အောင်ပန်းနာရေးကူညီမှုအသင်း တာဝန်ရှိသူက “ဆိုင်ကယ်စီးဦးထုပ်လည်း နှစ်ဦးစလုံးမပါဘူး။ အလုပ်ကြမ်းသမားတွေဆိုတော့ အညောင်းအညာပြေ သောက်စားလာကြပုံလည်းရတယ်။ ကွေ့ကြောက ဝိုက်တက်ရတာကို အရှိန်မလျော့ဘဲ တက်တော့ အခုလို ဖြစ်တာပါ။ နှစ်ဦးစလုံးက အသက် ၃၅ ဝန်းကျင်တွေပါ”လို့ MT News ကို ပြောပါတယ်။
သေဆုံးသူရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတို့ကို ကလောမြို့နယ်ပြည်သူ့ဆေးရုံဆီ လူမှုကူညီရေးအသင်းယာဥ်နဲ့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။