October 18, 2024

ပြည်တွင်းအထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဥ်

၆. ၁၂. ၂၀၂၂
Written by Ye Kyaw

၂၀၂၂ ခုနှစ် ခြောက်လအတွင်း ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအထိ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၅၃၈ ဘီလျံရရှိထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည် ပြည်ပမှ အထည်လိပ်ကုန်ကြမ်းများ တင်သွင်းကာ ပြည်တွင်းအထည်ချုပ်စက်ရုံများ၌ ပြန်လည်ထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစား (CMP) စနစ်ဖြင့် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြည်တွင်း အထည်ချုပ်လုပ်ငန်းများသည် CMP စနစ်ဖြင့်သာ ဆောင်ရွက်နေရသည့်အတွက် ပြည်တွင်း၌ ချုပ်လုပ်ပြီး ထွက်ရှိလာသည့် အဝတ်အထည်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ချုပ်ခအနေဖြင့် ရရှိခြင်းဖြစ်သည်။

‘’မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ရတာ။ တချို့ဆို ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူရှိတယ်။ တချို့ဆို ၁၂ ရာခိုင်နှုန်းလောက်အထိ ရတယ်။ High Value Price ဆို နည်းနည်း ပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာက ၁၂ ရာခိုင်နှုန်းလောက်ရတယ်။ အရမ်းပေါပေါလောလောကြီး သိန်းနဲ့ချီပြီး အပ်ပြီး ချုပ်ခအရမ်းနည်းတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲရတယ်။ ဒါကြောင့်မို့ ပျှမ်းမျှကို ၁၀ ရာခိုင်နှုန်းလို ပြောတာ” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

CMP စနစ်ဖြင့်သာ ဆောင်ရွက်နိုင်သေးသဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့ထားသည့် အထည်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ပြည်တွင်းလုပ်ငန်းရှင်များ အမှန်တကယ်ရရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသို့ အီးယူ (ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ)၊ ဂျပန်၊ ကိုရီးယား၊ တရုတ် စသည့်နိုင်ငံများမှ အများဆုံးအော်ဒါ မှာယူနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြည်တွင်း အထည်ချုပ်လုပ်ငန်းများမှ ချုပ်ပြီးအထည် တင်ပို့မှုသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း၌ အဓိကတိုးတက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စုစုပေါင်းပို့ကုန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းအထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *