၁. ၃. ၂၀၂၄
Written by Pan Ei
တေလာဆွစ်ကို ကြိုက်နှစ်သက်မှုတွေက ဖိလစ်ပိုင်နိုင်ငံ မြို့တော်က စာသင်ခန်းတွေဆီပါ ရောက်ရှိလာပြီး အဆိုတော်ဘဝနဲ့ ကမ္ဘာလုံးဆိုင်ရာ ပေါ့ပ်ယဉ်ကျေးမှုအပေါ် သူမရဲ့ သက်ရောက်မှုတွေကို ဆန်းစစ်တဲ့ သင်တန်းတစ်ခုကို ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်းတက္ကသိုလ်တစ်ခုက ဖွင့်လှစ်လိုက်တာပါ။
တေလာဆွစ်ဟာ အာရှမှာ ရောက်ရှိနေချိန် ကျောင်းသား ၃၀၀ ကျော်ကလည်း ဖိလစ်ပိုင်တက္ကသိုလ်မှာ အဆိုပါသင်တန်းအတွက် မှတ်ပုံတင်ခဲ့ပြီး ကန့်သတ်နေရာအတွက်လည်း မိနစ်ပိုင်းအတွင်းပြည့်သွားခဲ့တာကြောင့် အပိုအတန်းတစ်ခုထပ်ဖွင့်ဖို့ပါ ဖြစ်ခဲ့ရပါတယ်။
“ကျွန်မတို့က Taylor Swift ကို နာမည်ကြီးတစ်ယောက်အနေနဲ့ ဆက်ဆံသွားမှာပါ။ ဆိုလိုတာကတော့ လိင်၊ ကျားမ၊ အတန်းအစားတွေ ပေါင်းစည်းခြင်းလိုမျိုး အမျိုးမျိုးသော တွေးခေါ်ပုံရှုထောင့်တွေကနေ ကြည့်သွားမှာပါ” လို့ ပါမောက္ခ Cherish Brillon က သူမရဲ့ ပထမဆုံး အတန်းချိန်အပြီးမှာ ပြောကြားခဲ့သလို သင်တန်းဟာ တေလာဆွစ်ကို မီဒီယာတွေသရုပ်ဖော်ပုံတွေနဲ့ ဖိလစ်ပိုင်မှာ သူမကို “နိုင်ငံဖြတ်ကျော် ကျော်ကြားတဲ့ပုဂ္ဂိုလ်” အဖြစ် ရှုမြင်ပုံတို့ကို လေ့လာမှာဖြစ်တယ်လို့လည်း Brillon က ဆက်လက်ပြောကြားခဲ့ပါတယ်။
တေလာဆွစ်သင်တန်း တက်ရောက်သူ ကျောင်းသားနှစ်ဒါဇင်ထဲက အချို့ဟာ တေလာဆွစ်နဲ့ သက်ဆိုင်တဲ့ ကုန်ပစ္စည်းတွေကို ၀တ်ဆင်ထားကြသလို သူမပုံ စတစ်ကာတွေနဲ့ သူတို့ရဲ့ မှတ်စုစာအုပ်တွေနဲ့ လက်ပ်တော့တွေကို အလှဆင်ထားကြတာကိုလည်း တွေ့ရပါတယ်။
Harvard၊ Stanford နဲ့ Berklee College of Music လိုမျိုး အမေရိကန်က တက္ကသိုလ်တွေမှာလည်း တေလာဆွစ်နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ဖွင့်လှစ်ထားပြီး အဲ့ဒီ သင်တန်းတွေထဲမှာ သူမရဲ့သီချင်းရေးခြင်းအပါအဝင် သူမနဲ့ ပတ်သက်ပြီး တခြားစာပေအကြောင်းအရာတွေလည်း ပါဝင်ပါတယ်။
တေလာဆွစ်ဟာ မနက်ဖြန် မတ် ၂ ရက်ကစပြီး မတ်လ ၉ ရက်အတွင်း စင်ကာပူမှာ ၆ ရက်ကြာ ဖျော်ဖြေသွားဖို့ ရှိနေပြီး အဲ့ဒီဖျော်ဖြေပွဲဟာ အရှေ့တောင်အာရှမှာ သူမရဲ့ တစ်ခုတည်းသော ဖျော်ဖြေပွဲဖြစ်ကာ လက်မှတ်ပေါင်း ၃၀၀၀၀၀ ကျော် ရောင်းချထားရတာလည်း ဖြစ်ပါတယ်။
Ref; Reuters