◾မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အဝလွန်မှုအဆင့် ၁၇၉ နဲ့ ၁၈၃ နေရာတွေမှာ ရပ်တည်
၁. ၃. ၂၀၂၄
Written by Pan Ei
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ နိုင်ငံတကာ သုတေသီများအဖွဲ့ရဲ့ နောက်ဆုံးခန့်မှန်းချက်တွေအရ ယခုအခါ ကမ္ဘာတဝှမ်းက လူတစ်ဘီလျံကျော်ဟာ အဝလွန်နေတယ်လို့ ယူဆရပြီး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားနိုင်ခြေ တိုးမြင့်လာခြင်းနဲ့ ဆက်စပ်နေတဲ့ အခြေအနေတစ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဝလွန်ခြင်းဟာ အရင်က အာဟာရချို့တဲ့မှုနဲ့ ရုန်းကန်ခဲ့ရတဲ့ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေနဲ့ အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံအများစုမှာပါ ပျံ့နှံ့လာခဲ့ပြီး ပိုအဖြစ်များလာခဲ့ကာ ကမ္ဘာတဝှမ်းမှာ အဝလွန်သူတွေက အရွယ်ရောက်ပြီးသူ သန်း ၈၈၀ ခန့်နဲ့ ကလေး ၁၅၉ သန်းခန့်ရှိတယ်လို့ ၂၀၂၂ ခုနှစ်က အချက်အလက်တွေကို အခြေခံပြီး ဖော်ပြထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။
“လူအတော်များများဟာ အဝလွန်ခြင်းနဲ့ အသက်ရှင်နေကြပါတယ်” လို့ Imperial College London မှ ပါမောက္ခတစ်ဦးဖြစ်တဲ့ Majid Ezzati က မနေ့က ထုတ်ပြန်ခဲ့တဲ့ စာတမ်းမှာ ရေးသားခဲ့ပြီး အဆိုပါတွေ့ရှိချက်ဟာ နိုင်ငံပေါင်း ၁၉၀ ကျော်က လူဦးရေ သန်း ၂၂၀ ကျော်ဆီက အချက်အလက်တွေအပေါ် အခြေခံထားတာပါ။
ချမ်းသာတဲ့ နိုင်ငံများစွာမှာ အဝလွန်မှုနှုန်း မြင့်မားနေပေမဲ့ အဝလွန်တာဟာ တခြားနေရာတွေမှာလည်း လျင်မြန်စွာ မြင့်တက်လာနေကြောင်း Ezzati က ပြောကြားခဲ့သလို “အရင်တုန်းကတော့ အဝလွန်တာကို သူဌေးတွေရဲ့ ပြဿနာလို့ ကျွန်တော်တို့ တွေးဖူးတယ်။ အခုတော့ အဝလွန်ခြင်းက ကမ္ဘာ့ပြဿနာတစ်ရပ်ဖြစ်နေတယ်” လို့ WHO က အာဟာရဆိုင်ရာ အကြီးအကဲ Francesco Branca က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အရွယ်ရောက်ပြီးသူတွေအတွက် အဝလွန်မှုနှုန်းဟာ ၁၉၉၀ ကနေ ၂၀၂၂ ခုနှစ်အတွင်း နှစ်ဆကျော် တိုးလာပြီး အသက် ၅ နှစ်ကနေ ၁၉ နှစ်ကြား လူငယ်တွေနဲ့ ကလေးတွေကြားမှာ လေးပုံတစ်ပုံ ပိုများလာတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
သုတေသီတွေက တွေ့ရှိခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ အဝလွန်မှုနှုန်း အဆင့်သတ်မှတ်ခြင်း (အဝလွန်သူများအဖြစ် အမျိုးအစားခွဲထားသည့် လူဦးရေ ရာခိုင်နှုန်းကို အသက်အရွယ် ကွာခြားချက်များအတွက် တွက်ချက်ထားသည်) မှာ နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံက အမျိုးသားတွေက အဝလွန်မှုနှုန်း ၅ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အဆင့် ၁၇၉၊ အမျိုးသမီးတွေက ၉ ဒသမ ၇၃ ရာခိုင်နှုန်းနဲ့ အဆင့် ၁၈၃ ဖြစ်ကာ အမြင့်ဆုံးအဆင့်တွေကတော့ အမျိုးသမီးအဝလွန်မှုအများဆုံးအဖြစ် တွန်ဂါနိုင်ငံဖြစ်သလို အမေရိကန်ပိုင်နက်တစ်ခုဖြစ်တဲ့ အမေရိကန်ဆာမိုအာ နယ်မြေကတော့ အမျိုးသားတွေ အဝလွန်မှု အများဆုံး ဖြစ်ပါတယ်။
ပြင်းထန်စွာ ကိုယ်အလေးချိန် နည်းပါးခြင်းဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပြီး အလွန်အမင်း ဆိုးရွားတဲ့ အခြေအနေတွေမှာ လူတွေကို အစာငတ်ပြီး သေဆုံးစေနိုင်ပါတယ်။ ထိုနည်းတူစွာပဲ အဝလွန်သူတွေဟာ ဆီးချို၊ နှလုံး၊ ကျောက်ကပ်ရောဂါနဲ့ တခြား ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ဆက်စပ်မှုရှိပြီး အရွယ်မတိုင်မီ သေဆုံးခြင်းနဲ့ မသန်စွမ်း အခြေအနေတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
Ref; Reuters, Global Obesity Observatory