◼️ အစ္စရေးက ၎င်းတို့ပစ်ခတ်ခြင်းမဟုတ်ဟု ငြင်းဆို
၁. ၃. ၂၀၂၄
Translated by Htwe Ko Tun
ဂါဇာကမ်းမြောင်ဒေသအတွင်း ဂါဇာမြို့၌ လူသားချင်းစာနာမှုအထောက်အပံ့များ ရယူနေကြသည့် ပါလက်စတိုင်းပြည်သူများမှာ ဖေဖော်ဝါရီ ၂၉ ရက်နံနက်တွင် အစ္စရေးတို့၏ပစ်ခတ်မှုများကြောင့် အနည်းဆုံး ၁၁၂ ဦး သေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြကြောင်း ဂါဇာကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။
သို့သော် အစ္စရေးတို့ကမူ အဆိုပါစွပ်စွဲချက်မဟုတ်မှန်ကြောင်းနှင့် အထောက်အပံ့ပစ္စည်းများသယ်ဆောင်လာသည့် ကားများရောက်အလာတွင် အလုအယက်ပြေးလွှားကြရာမှ တစ်ဦးနှင့်တစ်ဦး နင်းခြေမိကြကာ သေဆုံးကြခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။
ငါးလနီးပါးကြာပြီဖြစ်သည့် ဂါဇာစစ်ပွဲအတွင်း အဆိုပါဖြစ်ရပ်အပြီးတွင် ဒေသအတွင်း၌ စုစုပေါင်းသေဆုံးသူပါလက်စတိုင်းအရပ်သားအရေအတွက် ၃၀,၀၀၀ ကျော် သွားပြီဖြစ်ကာ ဒဏ်ရာရသူ ၇၀,၀၀၀ ခန့်ရှိသွားပြီး အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသူအများအပြားရှိနေသေးကြောင်း ဟားမားစ်တို့၏ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။
ဂါဇာဆေးရုံတာဝန်ရှိသူများကလည်း အစ္စရေးတို့၏ ပစ်ခတ်တိုက်ခိုက်မှုက ဂါဇာမြို့အနောက်ပိုင်း အယ်လ်နာဘူဆီ ဒေသအတွင်း လူအုပ်ထဲသို့ကျရောက်ခဲ့ခြင်းဟုပြောခဲ့ကြသည်။ မျက်မြင်တွေ့ရှိသူများကလည်းအထောက်အပံ့ထရပ်ကားများမှ ဂျုံနှင့် စည်သွတ်အစားအစာများရယူနေကြသော ပြည်သူများကိုအစ္စရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်းဟု ပြောခဲ့ကြသည်။
လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း အထောက်အပံ့ပစ္စည်းအနည်းငယ်သာ ရောက်ရှိခဲ့သော ဂါဇာ ကမ်းမြောင်ဒေသ၏မြောက်ပိုင်း၌ အစာရေစာပြတ်လပ်မှုဆိုးဝါးစွာဖြစ်ပေါ်နေပြီး ကုလသမဂ္ဂ ကလည်း မကြာမီမှာပင် ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးကျရောက်လာနိုင်ကြောင်း သတိပေးခဲ့သည်။
အစပိုင်း၌ အစ္စရေးအရာရှိများကအထောက်အပံ့ကားများဆီသို့ ပါလက်စတိုင်းတို့ အလုအယက်ပြေးလွှားလာမှုကို ခြိမ်းခြောက်အန္တရာယ်ပြုမှုတစ်ရပ်ဟု ယူဆကာ ပစ်ခတ်မှုပြုခဲ့ကြောင်းဝန်ခံခဲ့ကြသေးသည်။ သို့သော် ဖေဖော်ဝါရီ ၂၉ ရက်ညနေပိုင်းတွင် လူမှုကွန်ရက် X ၌ ပြသသော ဗီဒီယိုတစ်ရပ်၌ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပါလက်စတိုင်းလူအုပ်ကြီးအားကွဲသွားစေရန် အစ္စရေးတပ်ဖွဲ့များက ခြောက်လှန့်သည့်အနေဖြင့် ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ မည်သည့်အစ္စရေးတပ်ဖွဲ့ဝင်ကမှ လူသားချင်းစာနာမှုအထောက်အပံ့ယာဉ်တန်းအား မပစ်ခတ်ကြောင်းပြောခဲ့သည်။
အမေရိကန်သမ္မတ အိမ်ဖြူတော် အိုလီဗီယား ဒယ်လ်တန်က အမေရိကန်-မက္ကဆီကိုနယ်စပ်သို့ သမ္မတနှင့်အတူခရီးသွားနေစဉ် လေယာဉ်ပေါ်၌အဖြစ်အပျက်ကို ပြည့်စုံစွာစုံစမ်းစစ်ဆေးရန်လိုနေသေးကြောင်း သတင်းထောက်များအားပြောခဲ့သည်။ ၎င်းက ထိုကြေကွဲဖွယ်ဖြစ်ရပ်က ဂါဇာဒေသမြောက်ပိုင်း၌ လူသားချင်းစာနာမှုအထောက်အပံ့များတိုးချဲ့သွားရန်လိုအပ်နေမှုကို မီးမောင်းထိုးပြခြင်းလည်းဖြစ်ကြောင်းပြောခဲ့သည်။
သမ္မတ ဂျိုးဘိုင်ဒန် က အစ္စရေးနှင့်ဟားမားစ်တို့အကြား အပစ်အခတ်ရပ်စဲရေးကို မတ်လ ၃ ရက် နောက်ဆုံးထား၍ ပြုလုပ်နိုင်ရန် အမေရိကန်ပြည်ထောင်စု၊ ကာတာနှင့် အီဂျစ်တို့အကြား ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း ယခုရက်သတ္တပတ်အစောပိုင်းက ခန့်မှန်းပြောကြားခဲ့သေးသည်။ သို့သော် အဆိုပါလူသားချင်းစာနာမှုအထောက်အပံများပေးနေစဉ် ပစ်ခတ်မှုဖြစ်ရပ်ဖြစ်ပွားအပြီးတွင် ဂျိုးဘိုင်ဒန်က ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးက မတ်လ ၃ ရက်နောက်ဆုံးထား၍ ဖြစ်ကောင်းမှ ဖြစ်နိုင်မည်ဖြစ်သော်လည်း ၎င်းအနေနှင့် ဆက်လက်မျှော်လင့်ဆဲ ဖြစ်ကြောင်းပြောခဲ့သည်။
Ref–VOA