၁. ၃. ၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားအစိုးရက အလုပ်သင်ဆရာဝန်များအား ၎င်းတို့၏ဆန္ဒပြမှုများ ဖေဖော်ဝါရီ ၂၉ ရက် နောက်ဆုံးထား၍ ရပ်ဆိုင်းကာ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ကြရန်နှင့် သို့မဟုတ်ပါက အရေးယူမှုများပြုလုပ်မည်ဟု အမိန့်ထုတ်ခဲ့သော်လည်း မတ်လ ၁ ရက်တွင် အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်ဟု သတင်းများအရ သိရသည်။
ဆိုးလ်မြို့တွင် အလုပ်သင်ဆရာဝန်များ လူစုလူဝေးဆန္ဒပြမှုများဖြစ်ပေါ်နေသည့် ကာလအတွင်းမှာပင် ဆရာဝန်များအသင်း၏လက်ရှိနှင့် ယခင်ခေါင်းဆောင်များ၏ ရုံးအချို့အား ဆေးဘက်ဆိုင်ရာဥပဒေများကို ချိုးဖောက်မှုဖြင့် ရဲတပ်ဖွဲ့က မတ်လ ၁ ရက်၌ ဝင်ရောက်စီးနင်းရှာဖွေ ခဲ့ကြောင်း သိရသည်။
ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့က ကိုရီးယားဆေးဘက်ဆိုင်ရာအသင်း(KMA) ၏ အရေးပေါ်ကော်မတီနှင့် ဆိုးလ် မြို့တော် ဆေးဘက်ဆိုင်ရာအသင်းတို့အပါအဝင် ရုံးအချို့သို့ စုံထောက်များစေလွှတ်ကာ တာဝန်ရှိသူတို့ ၏ မိုဘိုင်းဖုန်းများနှင့်ကွန်ပျူတာများမှ သက်ဆိုင်ရာအချက်အလက်များရရှိနိုင်ရေး ဆောင်ရွက်ခဲ့ သည်။
ကျန်းမာရေးဝန်ကြီးဌာနက KMA ၏ အရေးပေါ်ကော်မတီအကြီးအကဲ ကင်တက်ဝူး၊ အခြားသော KMA ခေါင်းဆောင်ပိုင်းနှစ်ဦးနှင့် KMA အကြီးအကဲဟောင်း၊ ကိုရီးယားကလေးသူငယ်ဆိုင်ရာဆေးပညာအဖွဲ့ အကြီးအကဲလင်မ်ဟုန်တက်ခ် တို့အား ဖေဖော်ဝါရီ ၂၇ ရက်တွင် ရဲတပ်ဖွဲ့၌ အမှုဖွင့်ခဲ့သည်။ ကျန်းမာရေး ဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် အလုပ်သင်ဆရာဝန်များအစုလိုက်အုပြုံလိုက် ရာထူးမှနုတ်ထွက် ဆန္ဒပြကြခြင်းများဖြစ်စေရန်အတွက် အကူအညီပေး၊ ပံ့ပိုးမှုများပြုလုပ်နေသည်ဟု စွပ်စွဲခဲ့သည်။
တောင်ကိုရီးယားအစိုးရက ဆေးကျောင်းများသို့တက်ရောက်ရန်လျှောက်ထားခွင့်များကို ယခုအခါ တစ်နှစ်လျှင် ၂,၀၀၀ လက်ခံနေရာမှ လာမည့်နှစ်မှစ၍ တိုးမြှင့်လက်ခံသွားရန်အစီအစဉ်ကို အလုပ်သင်ဆရာဝန်များနှင့် ဒေသဆိုင်ရာအငယ်တန်းဆရာဝန်များက ဆန္ဒပြဆန့်ကျင်ကာ ၎င်းတို့၏လုပ်ငန်းခွင်များမှ နုတ်ထွက်မှုများက တောင်ကိုရီးယားနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်ဖြစ်ပွားလျက်ရှိသည်။
Ref-Yonhap News