၁. ၃. ၂၀၂၄
Written by Pan Ei
တရုတ်နိုင်ငံ ရှီအမ်းမြို့က အာဏာပိုင်တွေဟာ ယွမ်ငွေ ၇၀၀,၀၀၀ (ဒေါ်လာ ၉၇,၀၀၀) သုံးစွဲကာ ကလေးမွေးဖွားမှုတွေ ကျဆင်းနေချိန် လက်ထပ်ထိမ်းမြားကြမဲ့ ကြင်စဦးဇနီးမောင်နှံတွေကို ထီလက်မှတ်တွေကို ဆုတွေအဖြစ် ပေးအပ်သွားတော့မယ်လို့ ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့လူဦးရေဟာ ၂၀၂၃ ခုနှစ်မှာ နှစ်နှစ်ဆက်တိုက်ကျဆင်းသွားကာ မွေးဖွားမှုနှုန်းဟာလည်း ၂၀၁၆ ခုနှစ်က ကိန်းဂဏန်းထက် ထက်ဝက်ခန့်ကျဆင်းသွားခဲ့ပြီး ၂၀၂၂ ခုနှစ်တုန်းကလည်း အိမ်ထောင်ပြုမှုက စံချိန်တင်နိမ့်ကျခဲ့ပါတယ်။
အိမ်ထောင်မရှိတဲ့ မိခင်တွေဟာ ကလေးပြုစုပျိုးထောင်တဲ့နေရာမှာ အကျိုးကျေးဇူးတွေကို မကြာခဏ ငြင်းပယ်ခံရလေ့ရှိတာကြောင့် တရုတ်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်းက အိမ်ထောင်ပြုမှုနှုန်းနဲ့ အနီးကပ် ဆက်စပ်နေပြီး အဲ့ဒါကြောင့် ရှီအမ်းက အာဏာပိုင်တွေက ဒီနေ့ မတ်လ ၁ ရက်ကစပြီး လက်ထပ်လက်မှတ်လာထုတ်တဲ့ ကြင်စဦးမောင်နှံတိုင်းကို “Surprise” အဖြစ် ထီလက်မှတ်တွေ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ခုလို မွေးနှုန်းကျဆင်းလာမှုကို တုံ့ပြန်ဖို့ ဆန်းသစ်တီထွင်တဲ့ လှုပ်ရှားမှုတစ်ခုအကြောင်းနဲ့ ပတ်သက်ပြီး “ဒါဟာ လက်ထပ်လက်မှတ်ရလို့ ပျော်ရွှင်တဲ့ဘဝတစ်ခုရဲ့အစဖြစ်နိုင်ရုံတင်မကဘဲ လက်ဆောင်လေးတစ်ခုကြောင့်လည်း ဖြစ်နိုင်ခြေပိုများပါတယ်” လို့ မြို့ပြရေးရာဗျူရိုက တရားဝင် Wechat အကောင့်မှာ ရေးသားဖော်ပြခဲ့သလို အဲ့ဒီကမ်ပိန်းကို နိုဝင်ဘာ ၃၀ ရက်အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆက်လက်ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားဖို့ စျေးအကြီးဆုံးနေရာတစ်ခုဖြစ်ကြောင်း ထင်ရှားတဲ့ တရုတ်တွေးခေါ်ပညာရှင်တစ်ဦးက ဖေဖော်ဝါရီလက ပြောကြားခဲ့ပြီး ကလေးထိန်းစရိတ်ကြီးမြင့်ခြင်း၊ လက်ထပ်ဖို့ဆန္ဒမရှိခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ခေတ္တဆိုင်းငံ့ထားရခြင်းနဲ့ ကျားမခွဲခြားဆက်ဆံခံရခြင်းတွေကြောင့်လည်း အမျိုးသမီးတွေဟာ ကလေးမွေးဖွားမှု နည်းပါးခဲ့တာဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
Ref; Reuters