◾ အယောင်ဆောင်လုယက်မှုကျုးလွန်သည့်ခေါင်းဆောင်မှာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုဦးစီးမှူးဖြစ်နေဟု ဆို
၁. ၃. ၂၀၂၄
Written by KL
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ လက်နက်များ ကိုင်ဆောင်ပြီး ဓားပြမှုကျုးလွန်သည့်အဖွဲ့ကို ဖေဖော်ဝါရီ ၂၉ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်တွင် ပြစ်မှုကျုးလွန်သော အဖွဲ့ဝင် ၇ ဦးပါ ဓားပြအဖွဲ့ကို ဖေဖော်ဝါရီ ၂၉ရက် ည ၁၁ နာရီခန့်က စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင် ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်မှာ ဖေဖော့ဝါရီလ ၂၉ ရက် ည ၁၁ နာရီခန့်က နယ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဝင်းလှိုင်နှင့် ရဲဒုတပ်ကြပ်ဇော်လင်းအောင်တို့၏ သတင်းအရ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုဦးစီးမှူး နေထိုင်ရာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ခရိုင်ကော်မရှင်ရုံးအိမ်ရာဝန်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ လုယက် ဓားပြတိုက်ရာတွင် ဦးဆောင်သည့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုဦးစီးမှူး အေးကိုကိုဦး (၃၂ နှစ် )နှင့်အတူ စိုင်းမောင်ထွန်း (ခ)အိုက်ပီး (၂၀နှစ်)၊စိုင်းလှမောင် (၂၇နှစ်)၊စိုင်းခမ်းတွီ (၁၈နှစ်)၊ ရဲသီဟလွင် (၃၈နှစ်)၊ကျိုင်းဆံဟိုင်း (၂၀နှစ်)တို့ကို ဓားပြတိုက်ရာတွင် အသုံးပြုသည့် လက်နက်များနှင့်အတူ ဖမ်းမိခဲ့သည်။
တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအယောင်ဆောင်ကာ လုယက်ဓားပြတိုက်မှုများ ကျုးလွန်သူများကို ၎င်းတို့စုဝေးဆွေးနွေးချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင်၏ ပြောကြားချက်အရ သိရသည်။
လုယက်ဓားပြမှု ကျုးလွန်သည့်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလတို့တွင် တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်များ၌ တပ်၊ ရဲ ယူနီဖောင်းများဝတ်ဆင်၍ ကုန်စုံဆိုင်များတွင် လက်နက်ပြကာ ခြိမ်းခြောက် လုယက်ခဲ့ကြောင်း သိရသည်။
ကျုးလွန်သူများထံမှ စစ်တပ်ယူနီဖောင်းများ၊ ရဲတပ်ဖွဲ့ယူနီဖောင်းများ၊ ဩစတေးလျနိုင်ငံထုတ် STEYR M9 A1 ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတိုသေနတ်(၁)လက်နှင့် ကျည်အိမ်(၁)ခု၊COLT အမျိုးအစား ပစ္စတိုသေနတ်(၁) လက်နှင့် ကျည်အိမ်(၁)ခု၊ USA နိုင်ငံထုတ်၊ M4 A1 CarvineM-320461 (၁)လက်နှင့်ကျည်အိမ်(၂)ခု၊ ပွိုင့် ၂၂ သေနတ်အရှည်(၁)လက်၊ ကျည်အိမ်(၁)ခု၊5.56 ကျည်(၅၉)တောင့်၊ ၉ မမကျည်(၂၀)တောင့်၊ ၃၈ ကျည် (၉) တောင့်၊ ၂၂ ကျည်(၄)တောင့်၊ သေနတ်အိတ် (၃)ခု၊လည်ရှည်ဖိနပ်အနက်ရောင် (၁)ရံ၊ လည်တိုရှူးဖိနပ်(၂)ရံဓားရှည်(၁)ချောင်း၊ နံပါတ်ထုတ်(၁)ချောင်း၊ ခါးပတ် (အနက်ရောင်) (၅)ချောင်း၊ စကားပြောစက် (၁)လုံး ၊ရဲတပ်ဖွဲ့ယူနီဖောင်းအင်္ကျီ(၃)ထည်၊ ရဲတပ်ဖွဲ့ယူနီဖောင်းဘောင်းဘီ (၁)ထည်၊ ပသစယူနီဖောင်း(၁)စုံ(တလ)၊ စစ်စိမ်းရောင်ယူနီဖောင်း(ဘက်တံဆိပ်မပါ) (၁)စုံ၊ ပြောက် ကျားယူနီဖောင်း(၂)စုံ၊ USA တံဆိပ်ပါပြောက်ကျားယူနီဖောင်း(၂)ထည်၊ အနက်ရောင်ဘောင်းဘီရှည်(၁) ထည်၊ အပြာရောင် ပျောက်ကျားအနွေးထည် (၁)ထည်၊စစ်စိမ်းရောင်ပျောက်ကျားအင်္ကျီ(၃)စုံ(တလ)၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့တံဆိပ်ပါ ဘယ်ရီဟက်(၃)လုံး၊ အပြာရောင်တောဆောင်း(၁)လုံး၊ ဖိုက်ဗာအပြာရောင်(၁)လုံး၊ ပိကတ်အပြာရောင်(၁)လုံး၊ ဦးထုတ်အဝိုင်း(၂)လုံး၊ ကျည်ကာပျောက်ကျားအစိမ်းရောင်(၃)ထည်(ARMY)၊ ကျည်ကာပျောက်ကျားအနက်ရောင်(၅)ထည်၊ ရွှေတာချီဆိုင်ကယ်တက္ကစီအင်္ကျီ(၇၀၇)(၁)ထည် ၊ မျက်နှာဖုံး အဖြူရောင် (၁)ခု၊ ဆံပင်အတု(၁)ခု၊ အီကွေ့မင်(၁)စုံ၊ လက်ထိပ်(၃) ကွင်း ၊ လည်ရှည်အနက်(၁)စုံ၊ လည်တို(ရှူးဖိနပ်)(၂)ရံ၊ ဓားရှည်(၁)ချောင်း၊ နံပါတ်တုတ်(၁)ချောင်း၊ ခါးပတ် (အနက်ရောင်) (၅)ချောင်း၊ စကားပြောစက်(၁)လုံး၊ ယာဉ်အမှတ်၊ SHN-12/1A-1543 Honda Fit စိမ်းနုရောင် (လိုင်စင်စိစစ်ဆဲ) (၁)စီး၊ ယာဉ်အမှတ်၊ SHN-12/ 5J-2677 Crown အဖြူရောင်(လိုင်စင်စိစစ်ဆဲ) (၁)စီး တို့အား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ ၄င်းတို့အဖွဲ့ဝင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင်နေထိုင်သော စိုင်းဆိုင်မိန်း (၂၅ နှစ်)၏ အိမ်ကို ဝင်ရောက်ရှာဖွေရာမှလည်း တူရကီနိုင်ငံထုတ် ZORAKI M 906 T ပစ္စတို(၁)လက်နှင့်ကျည်အိမ်(၁)ခု၊ ကျည် (၅)တောင့်တို့ကို ထပ်မံတွေ့ရှိသိမ်းမိခဲ့သည်။ လက်ရှိတွင် ကျုးလွန်သူ ၇ ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် ဖမ်းဆီးကာ အသေးစိတ်စစ်ဆေးနေကြောင်း သိရသည်။