၁. ၃. ၂၀၂၄
Written by Pan Ei
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ဖေဖော်ဝါရီလ ၂၉ ရက် ညက မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၄၅ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
မီးလောင်မှုဟာ ကြာသပတေးနေ့နှောင်းပိုင်းက ဒါကာမြို့ ဘေလီလမ်းရှိ ဈေးဝယ်စင်တာတစ်ခုထဲက နာမည်ကြီး ဒန်ပေါက်စားသောက်ဆိုင်မှာ စတင်လောင်ကျွမ်းခဲ့ပြီး တခြားအထပ်ကို လျင်မြန်စွာ ကူးစက်သွားကြောင်း မီးသတ်အရာရှိတွေက ပြောကြားခဲ့ကာ အနည်းဆုံး လူ ၄၅ ဦး သေဆုံးပြီး ၂၂ ဦးက မီးလောင်ဒဏ်ရာတွေကြောင့် ဆေးရုံတွေမှာ ကုသမှုခံယူနေရတယ်လို့ ကျန်းမာရေးဝန်ကြီး Samanta Lal Sen က ဒါကာဆေးကောလိပ် ဆေးရုံကို သွားရောက်ပြီးနောက် ဒီသောကြာနေ့အစောပိုင်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မီးလောင်ဒဏ်ခံရသူ အများစုဟာ ဈေးဝယ်စင်တာထဲက အဝတ်အစားဆိုင်တွေ၊ မိုဘိုင်းလ်ဖုန်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ လာရောက် ဈေးဝယ် စားသောက်နေကြသူတွေဖြစ်ပြီး ကလေးငယ်တွေအပါအဝင် မိသားစုဝင်တွေ ဖြစ်ကြကာ သေဆုံးသွားသူအများစုက အသက်ရှုကြပ်ကာ သေဆုံးခဲ့ရပြီး တချို့ကတော့ အဆောက်အအုံပေါ်ကနေ ခုန်ချတာကြောင့် သေဆုံးသွားခဲ့တာလို့လည်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ ၁၃ ဖွဲ့က နှစ်နာရီကြာ ငြှိမ်းသတ်ပြီးနောက် မီးလောင်မှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို ချက်ချင်းမသိရသေးကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အရင်ကလည်း ခုလို လူအသေအပျောက်များတဲ့ မီးလောင်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ဖူးပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လက ဒါကာမြို့အပြင်ဘက်ရှိ စားသောက်ကုန်ထုတ်လုပ်တဲ့စက်ရုံမှာ မီးလောင်မှုကြောင့် ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၅၄ ဦး သေဆုံးခဲ့ရသလို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီကလည်း ဒါကာမြို့မှာပဲ ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ အဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ပါတယ်။
Ref; Reuters