–ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်ခံရသူအမျိုးသမီး၏ မိခင်က NUG ၏ အမှတ် (၁) စစ်ဒေသကြီး စစ်ဦးစီးမှူးထံ ပေးပို့သည့် တိုင်ကြားစာ ပျံ့နှံ့နေ
၆.၁၂. ၂၀၂၂
Written by Nay Moe
NUG ကို ထောက်ခံပြီး PDF များ၏ အမှုကို လိုက်ပေးနေသော အမျိုးသမီးတရားလွှတ်တော်ရှေ့နေတစ်ဦးအား ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ဖြင့် တိုင်ကြားမှုကြောင့် PDF များက ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းဖျောက်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းများပျံ့နှံ့နေပြီး ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်ခံရသူ တရားလွှတ်တော်ရှေ့နေဒေါ်စန်းစန်းရီ၏ မိခင်ဖြစ်သူက NUG ၏ အမှတ် (၁) စစ်ဒေသကြီး စစ်ဦးစီးမှူးအား တိုင်ကြားစာမှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာနေသည်။
အဆိုပါ တိုင်ကြားစာကို ဒီဇင်ဘာ ၆ ရက်တွင် စတင်ဖြန့်ဝေခဲ့သူမှာ Aung Naing Soe ဆိုသည့် Facebook သုံးစွဲသူဖြစ်ပြီး “ကန့်ဘလူ တပ်ရင်း -၄ PDF မှ ရာဇသတ်ကြီးပုဒ်မ-၅၀၅ အမှုများအား လိုက်ပါဆောင်ရွက်ပေးနေသော တရားလွှတ်တော်အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်စန်းစန်းရီအား ဖမ်းဆီးသတ်ဖြတ်ပြီး ၎င်းရှေ့နေအမျိုးသမီး စီးနင်းသော ကားကိုပါ အစဖျောက်ကြောင်းကြားသိရပါသဖြင့် စိတ်မကောင်းများစွာဖြစ်ရပါတယ်။ တာဝန်ယူမှုတာဝန်ခံမှုရှိကြပါ တော်လှန်ရေးတပ်သားတို့ရေ။ တရားလွှတ်တော်ရှေ့နေဒေါ်စန်းစန်းရီ ကောင်းရာသုဂတိလားပါစေ။ ဒေါ်စန်းစန်းရီ၏မိခင် တင်သွင်းသော တိုင်ကြားလွှာကိုလည်း ပူးတွဲတင်ထားပါတယ်။ အတော်လေးကို ပျက်စီးနေတဲ့တော်လှန်ရေးကြီးပါ။ မိခင်တစ်ဦး၏သောကကိုစာမှာတွေ့နိုင်ပါတယ်။ (Edit) PDF တပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူများအဖွဲ့ တာဝန်ခံမှာ ဒူဝါဖော်ရန်နော်တောင်ဖြစ်၍ NUG, KIO/KIA တို့မှလဲ တာဝန်ယူမှုတာဝန်ခံမှုဖြင့် ဖြေရှင်းရပါမည်” ဟု စတင် ဖြန့်ဝေခဲ့သည်။
Public Interest Lawyers Group ၏ ဥက္ကဋ္ဌဟုလည်း ဖော်ပြထားသည့် Aung Naing Soe ဆိုသည့် Facebook သုံးစွဲသူ၏ ပို့စ်တွင် PDF များ သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်လိုက်သည့် ဒေါ်စန်းစန်းရီနှင့် သူမ၏ ကားပုံအပြင် မိခင်ဒေါ်လှလှရီက NUG ၏ အမှတ် (၁) စစ်ဒေသကြီး စစ်ဦးစီးမှူးကို ဒီဇင်ဘာ ၅ ရက်က လိပ်မူတိုင်ကြားသည့်စာကိုလည်း ဖော်ပြထားသည်။
မိခင်ဖြစ်သူ ဒေါ်လှလှရီ၏ တိုင်ကြားစာတွင် NUG ၏ PDF များက တရားလွှတ်တော်ရှေ့နေဒေါ်စန်းစန်းရီကို ဒီဇင်ဘာ ၁ ရက် ညနေ ၄ နာရီခန့်တွင် ကန့်ဘလူမြို့နယ် တရားရုံးမှအပြန် သုံးဆင့်ကန်ရွာအနီး ဗျုဟာလမ်းမကြီးတွင် ဒေါ်စန်းစန်းရီ၏ ယာဉ်ကိုတားကာ ဒေါ်စန်းစန်းရီ၊ ယာဉ်မောင်းနှင့် အခြားအမျိုးသမီးတစ်ဦးကို PDF စခန်းသို့ ခေါ်ဆောင်သွားပြီး ဒီဇင်ဘာ ၂ ရက်တွင် ယာဉ်မောင်းနှင့် အခြားအမျိုးသမီးတစ်ဦးကို ပြန်လွှတ်ကာ ဒေါ်စန်းစန်းရီနှင့် ယာဉ်ကိုမူ ဆက်လက်ဖမ်းဆီးထားခဲ့သည်ဟု မိခင်ဖြစ်သူ၏ တိုင်စာတွင် ဖော်ပြထားသည်။
ထို့ပြင် ဒေါ်စန်းစန်းရီသည် ၂၀၂၁ ဖေဖော်ဝါရီကာလအလွန်တွင် ၅၀၅(က) ဖြင့် ဖမ်းဆီးခံရသော လူငယ်များအတွက် အခမဲ့ရှေ့နေလိုက်ပေးရန် ရွှေဘိုမြို့မှ ရှေ့နေ ၁၉ ဦးပါသော အဖွဲ့ကို ဖွဲ့စည်းခဲ့သူဖြစ်ကြောင်း၊ ဒေါ်စန်းစန်းရီ၏ မောင်ဖြစ်ပြီး သူမ၏ သားဖြစ်သူဦးကျော်စွာဝင်းမှာလည်း အကြမ်းဖက်မှုများလုပ်ဆောင်သည်ဟုဆိုကာ ရွှေဘိုမြို့မရဲစခန်းမှ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရကြောင်း၊ ဒေါ်စန်းစန်းရီကို ဖမ်းဆီးခြင်းမှာ တစ်စုံတစ်ယောက်က သတင်းမှားပေးခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ပုဂ္ဂိုလ်ရေးမကျေနပ်မှုဖြင့် တိုင်ကြားခံရသည့် ဒေါ်စန်းစန်းရီကို ပြန်လွှတ်ပေးစေလိုကြောင်း မိခင်ဖြစ်သူ၏ တိုင်စာတွင် ဖော်ပြထားသည်။
သို့သော် လက်ရှိတွင် ဒေါ်စန်းစန်းရီအား ကန့်ဘလူမြို့ ရေရှင်ရွာအုပ်စု ကျွဲဖြူရွာသင်ချိုင်းကုန်းတွင် ဖမ်းဆီးခေါ်ဆောင်သွားသူ PDF များက သတ်ဖြတ်ကာ အလောင်းဖျောက်လိုက်ပြီး ယာဉ်ကိုလည်း သိမ်းယူလိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ဒေါ်စန်းစန်းရီကို PDF များက သတ်ဖြတ်ကာအလောင်းဖျောက်ပြီး ကားကိုပါသိမ်းယူသည့်ဖြစ်စဥ်မှာ မှန်ကန်သည်ဟုလည်း သိရှိရပြီး လက်ရှိတွင် NUG ၏ တာဝန်ရှိသူများအနေဖြင့် အဆိုပါ လူသတ်အလောင်းဖျောက်ကားလုယက်သည့် PDF များကို မည်သို့ဆောင်ရွက်မည်ဆိုသည်ကိုမူ ဆက်လက်စုံစမ်းမေးမြန်းနေပြီး သိရှိရပါက ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။
ပုံစာ။ Aung Naing Soe အကောင့် စတင်တင်ခဲ့သည့် ဒေါ်စန်းစန်းရီအား PDF များသတ်ဖြတ်အလောင်းဖျောက်ယာဥ်လုယက်သည့်ဖြစ်စဥ်အကြောင်းနှင့် မိခင်၏ တိုင်စာကို တွေ့ရစဥ်