၆ -၁၂-၂၀၂ဝ
Written By Naddy
လက်ရှိ ပရိသတ်အားပေးမှုမြင့်တက်နေတဲ့ “သမီးဆိုး” ဇာတ်လမ်းတွဲ နောက်ဆုံးဇာတ်သိမ်းပိုင်းက ဘဝမှာ တစ်ခါမှမလုပ်ဘူးတဲ့ အိုက်တင်ဖြစ်တဲ့အတွက် ပရိသတ်ရင်ထဲမရောက်မှာ ရင်ပူမိတယ်လို့ သရုပ်ဆောင်ထက်ထက်ထွန်းက ပြောပါတယ်။
“သမီးဆိုး ကာရိုက်တာကို လက်ခံလိုက်ကတည်းက တော်တော်လေးကို ဆိုးသွမ်းတဲ့ကာရိုက်တာလည်း ဖြစ်တယ်။ ဗန့်(ဗလိန်)နေရာမှာ သရုပ်ဆောင်တဲ့အတွက် ပရိသတ်တွေ မုန်းသွားမလားကြောက်မိတယ်။ နောက်ဆုံးဇာတ်သိမ်းပိုင်းက ထက်ထက်ဘဝမှာ တစ်ခါမှမလုပ်ဘူးတဲ့ အိုက်တင်ကာရိုက်တာအတွက် အရမ်းကို အားထည့်ထားတယ်။ အဲဒီအိုက်တင်မရောက်မှာလည်း စိုးရိမ်မိတယ်။ ဒီအိုက်တင်အတွက် ပရိသတ်ရင်ထဲမရောက်မှာလည်း ထက်ထက်ရင်ပူမိတယ်။ စဉ်းစားဉာဏ်မရှိဘဲ ဆိုးနေတဲ့သမီးဆိုးတစ်ယောက်နေရာက အကောင်းဆုံးသရုပ်ဆောင်ထားပါတယ်။ ထက်ထက် လုပ်ကွက်လေးလိုလည်း အကောင်းဆုံးတော့ကြိုးစားထားပါတယ်”လို့ သရုပ်ဆောင်ထက်ထက်ထွန်းက ပြောပါတယ်။
”သမီးဆိုး” ဇာတ်လမ်းတွဲကို ဇာတ်လမ်း လူညိုချော မယ်မင်းဘုံ၊ ဇာတ်ညွှန်း မယ်မင်းဘုံ ရွှေသရဖူ ကရေးသားထားပြီး ဒါရိုက်တာ မယ်မင်းဘုံက ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ အေးချမ်းမောင်၊ ညီနန္ဒ၊ ရတနာဗို၊ ထက်ထက်ထွန်း၊ မျိုးစန္ဒီကျော်၊ ဩဂတ်စ်မိုး၊ အကယ်ဒမီ ဝါဝါအောင်၊ မြင့်မြန်မာ၊ နှင်းဦးဝေ၊ အောင်တိုး၊ သင်းရနံ့၊ မင်းရဲစည်သူ၊ ကျော်သစ်၊ ပိုင်ဇေ စတဲ့သူတွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“ဗီလိန်ဇာတ်ဝင်ခန်း သရုပ်ဆောင်တိုင်းမှာ အဲဒီလိုခံစားချက်ကတော့ ရှိကြတယ်။ ထက်ထက်က မင်းသမီးတစ်ယောက်ဆိုတာထက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်။ ဒီကာရိုက်တာကလည်း ကိုယ့်ကိုစိန်ခေါ်မှုတစ်ခု ဖြစ်နေတယ်။ ထက်ထက် ဘယ်လောက်အထိလုပ်နိုင်လဲဆိုတာကို စိန်ခေါ်မှုတစ်ခုအနေနဲ့ ယုံယုံကြည်လက်ခံလိုက်တယ်”လို့လည်း သူမက ဆိုပါတယ်။
လက်ရှိ Mahar ရုပ်သံဇာတ်လမ်းတွဲမှာ ပြသနေတဲ့ “သမီးဆိုး”ဇာတ်လမ်းတွဲ အပိုင်း ၁ နဲ့ အပိုင်း၂ ကို အပိုင်းစဉ်အတိုင်း ကြည့်ရှုမိမယ်ဆိုရင် ဘယ်လိုဇာတ်ဝင်ခန်း၊ ဘယ်လိုမျိုး ဇာတ်ရှိန်အနိမ့်အမြင့်ဖြစ်မယ်ဆိုတာ သိရှိရမှာဖြစ်ပြီး တချို့ကတော့ သရုပ်ဆောင်မှုက Over ဖြစ်လွန်းတယ်လို့ ဝေဖန်ကြပါတယ်။ ဒီဝေဖန်မှုအပေါ် ထက်ထက်ထွန်းက “အရမ်းအိုဗာတင်းတယ် ပြောကြတယ်။ မျက်လုံးတွေ ကျွတ်ထွက်တော့မယ်။ နားဆေးခန်းသွားရတော့မယ်လို့ Feedback ပြန်ကြားရတယ်။ အပြင်မှာ အဲဒီလောက် ဒေါသမထွက်ဖူးပြောကြတယ်။ တကယ့် ထက်ထက်ရဲ့ Original မျက်လုံးအတိုင်း ဒေါသထွက်လာရင်တော့ အဲဒီလိုမျက်လုံးက ဖြစ်သွားတယ်။ မျက်လုံးမှေးတဲ့သူကတော့ မျက်လုံးပြူးလောက်တဲ့အထိဖြစ်မှာ မဟုတ်ဘူးပေါ့။ မျက်လုံးပြူးတဲ့ပုံစံသမားကတော့ ဒေါသထွက်ရင်တော့ ပြူးပြီးတော့ ထွက်ကျမတတ်ဖြစ်မှာပဲ ဒါကသဘာဝပဲလေ။ သမီးဆိုးတစ်ယောက်ရဲ့ မုဒ်ထည့်ပြီး တကယ်ကို သေချာသရုပ်ဆောင်ခဲ့တာပါ။ သရုပ်ဆောင်မှာပိုင်းမှာ အရာအာလုံးဟာ အစစ်မို့ကိုယ့်ကိုယ်ကိုယ့် လိပ်ပြာလုံပါတယ်။ တကယ်တမ်းအိုဗာဖြစ်သင့်တဲ့အခန်း ရောက်ရင်တော့ အိုဗာဖြစ်သွားတာပါ”လို့ ပြောပါတယ်။