၂၈.၂.၂၀၂၄
Written by Hey Mar
၂၀၂၄ ခုနှစ်၊ မတ်လအတွင်း လက်ရှိဖြစ်နေတဲ့ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ နေ့အပူချိန်တွေ သိသိသာသာတိုးလာနိုင်ပြီး ညအပူချိန်တွေကတော့ ဆက်ပြီး အေးနေဆဲမို့ မတ်လဆန်းလောက်အထိ သိသိသာသာတိုးလာဦးမှာ မဟုတ်သေးဘူးလို့ မိုးလေဝသနဲ့ ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုတွေကိုစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးပါတယ်။
မိုးလေဝသနဲ့ ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုတွေကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ‘’တဖြည်းဖြည်းနဲ့ အပူချိန်တွေတိုးလာမယ် အထူးသဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းတွေမှာ နေ့အပူချိန်တွေ ၃၈၊ ၃၉ ဖြစ်လာပြီ။ မြေဆီလွှာစိုထိုင်းဆက မြေပြင်အောက်အနက် ၄၀ စင်တီမီတာအနက်မှာ ၁% အထိ ကျလာပြီး၊ ၁၀၀ စင်တီမီတာအနက်မှာတော့ ၈% ကျန်သေးတယ်။ ပျိုးပင်တွေ စပြီးစိုက်လို့ရပေမဲ့ ရေမလောင်းနိုင် ရေမသွင်းနိုင်ရင် ဆက်ပြီးရှင်သန်နိုင်ချေနည်းလာတယ်။ စိုက်ပျိုးရေးတောင်သူများအတွက်ရော ဆိုင်ရာဒေသတွင်းနေထိုင်သူများအတွက်ရော လိုအပ်တဲ့ မိုးလေဝသအခြေအနေကို ကိုယ်တိုင်လေ့လာနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။ ကိုယ်တိုင်အသေးစိတ်ခန့်မှန်းနိုင်အောင် လေ့လာအသုံးပြုကြပါ’’လို့ ပြောပါတယ်။
အီကွေတာအနီးက အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)ရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေမှာ အားအသင့်အတင့်ရှိတဲ့ အယ်လ်နီညိုအခြေအနေမှာ ရှိနေတယ်လို့ နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြု မော်ဒယ်တွေခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အားအသင့်အတင့်ရှိတဲ့ အယ်လ်နီညိုအခြေအနေမှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ခန့်မှန်းရကြောင်း မိုးလေဝသနဲ့ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။
အယ်လ်နီညိုဖြစ်စဉ်တွေရဲ့ အကျိုးသက်ရောက်မှုကြောင့် ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်တွေ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုတွေ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ် နိုင်တယ်လို့ သိရပါတယ်။
နေ့အပူချိန်တွေတိုးလာပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းလည်း မြင့်လာမယ့် ပြည်နယ်နဲ့တိုင်းတွေမှာ အပူဒဏ်ကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုတွေကိုလည်း သတိထားကြရမှာဖြစ်ပြီး နေ့လည်နေ့ခင်းမှာ အေးမြတဲ့ သစ်ရိပ်ဝါးရိပ် အရိပ်ရနေရာတွေမှာ နေထိုင်ကြဖို့နဲ့ ကာယလုပ်သားကြီးတွေအနေနဲ့ ချွေးထွက်လွန်ခြင်းကိုသတိထားကြဖို့ လိုအပ်သလို သက်ဆိုင်ရာကဏ္ဍတွေအလိုက် ကြိုတင်ပြင်ဆင်ထားကြဖို့ မိုးလေဝသနဲ့ ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုတွေကိုစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားပြီး မိုးလေဝသနဲ့ ညွှန်ကြားမှုဦးစီးဌာနကလည်း အယ်လ်နီညိုဖြစ်ပေါ်မှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးနေပါတယ်။